spot_img
Homeဆောင်းပါးစပါးရိတ်ချွေစက်ပေါ်က အလံဖြူလေး

စပါးရိတ်ချွေစက်ပေါ်က အလံဖြူလေး

-

စောအယ်ကညော / ကန္တာရဝတီတိုင်း ( မ် )

တိုက်ပွဲဖြစ်ပွားတဲ့ဧရိယာနဲ့ နီးကပ်တဲ့ နယ်မြေတနေရာက ရိတ်သိမ်းချိန်မတန်သေးတဲ့ စပါးခင်းတွေကြားမှာ စပါးရိတ်ချွေစက်သံတွေ တညံညံ ထွက်ပေါ်လာပါတယ်။ ဒီနှစ်ရဲ့ ရိတ်သိမ်းချိန်ဟာ အရင်နှစ်တွေနဲ့ မတူတော့ပါဘူး။ တောင်သူတွေက စပါးတွေအကုန်မရင့်မှည့်သေးခင်မှာပဲ ရိတ်သိမ်းနေကြတာပါ။ ဒါ့အပြင် စပါးရိတ်တဲ့ ချွေစက်ပေါ်မှာ အလံဖြူလေးတခုက လေထဲတလွင့်လွင့် လှုပ်ခတ်လို့ နေပါတယ်။

အဲဒီအလံဖြူလေးဟာ အောင်ပွဲအတွက် လွှင့်ထူထားတာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ စိန်ခေါ်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်လယ်က ကိုယ့်စပါးကို ရိတ်သိမ်းပြီး မိသားစုရဲ့ ထမင်းဝိုင်းဆီ အန္တရာယ်မရှိဘဲ ပြန်ယူသွားနိုင်ဖို့ဖြစ်ပါတယ်။ ဒီအလံဖြူလေးကတော့ လယ်သမားတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ အသက်မွေးဝမ်းကျောင်းကို ဆက်လက်ရှင်သန်ခွင့်ရဖို့ တိတ်တဆိတ် တောင်းဆိုနေတဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။

“အလံဖြူထောင်လိုက်ရင် သူတို့ (အာဏာသိမ်းစစ်တပ်)က ငါတို့ကို မလုပ်တော့ဘူး(မတိုက်ခိုက်ဘူး)လို့ ဆိုတဲ့ စိတ်ခံစားချက်တခုကြောင့်ထင်တယ်။” လို့ စပါးရိတ်ချွေစက်မောင်းပေးသူတဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် စပါးစိုက်ပျိုးချိန်ကစလို့ ပေါင်းသင်၊ ရေသွင်း ၊ မြေဩဇာကျွေးပြီး အပင်ပေါက်ကနေ ရင့်မှည့်တဲ့ စပါးပင်တွေဖြစ်လာတဲ့အထိ တောင်သူတွေပင်ပင်ပန်းပန်းနဲ့ လူအား၊ ငွေအား၊ စက်အားတွေ စိုက်ထုတ်ပြီး လုပ်ဆောင်ကြတာပါ။

ဒါပေမဲ့ အခုနှစ်မှာတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် တောင်သူတွေ အဆောတလျင် ရိတ်သိမ်းနေကြပါတယ်။

“အချိန်မတန်ပဲရိတ်ရတယ်။ ကောင်းကောင်းမမှည့်လည်း ရိတ်ရတာပေါ့။အချိန်မတန်ဘဲ ရိတ်တော့ အထွက်နည်းတာပေါ့” လို့ တောင်သူ အမျိုးသားတဦးက ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ခပ်စိပ်စပ်လုပ်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လယ်ယာစိုက်ခင်းတွေကိုသွားတဲ့ တောင်သူတွေ ထိခိုက်သေဆုံးမှုတွေ မကြာခဏဆိုသလို ရှိလာပါတယ်။ အောက်တိုဘာလ ပထမပတ်အတွင်းမှာပဲ လယ်ယာစိုက်ခင်းကနေပြန်လာတဲ့ တောင်သူတဦးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်းရှိပါတယ်။

ပုံမှန်အ‌ခြေအနေမှာဆိုရင် ဒီကာလဟာ လယ်ကွင်းတွေထဲမှာ စပါးရိတ်စက်သံတွေ၊ တောင်သူတွေရဲ့ အလုပ်လုပ်သံတွေနဲ့ ဆူညံစည်ကားနေသင့်တာပါ။ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို အိမ်အရောက်သယ်ယူဖို့၊ စပါးကျီထဲ သိုလှောင်ဖို့နဲ့ တနှစ်စာ စားဝတ်နေရေးအတွက် တွက်ချက်ဖို့ အလုပ်များနေကြရမယ့် အချိန်ဖြစ်တယ်။

“ဒရုန်းလည်းကြောက်ရတယ်။ လက်နက်ကြီးလည်း ကြောက်ရတယ်လေ။ လက်ကြီးသံတွေ၊ ပစ်ခတ်သံတွေကြားရတာပေါ့။ ကြားလည်းရိတ်ရတယ်။ လက်နက်ကြီး နီးနီးနားနား ကျရင်သွားပြေးပုန်းတာပေါ့။” လို့ တောင်သူတဦး စပါးရိတ်နေစဉ်မှာ မကြာခဏ ကြုံတွေ့ရတာကို ပြောပြပါတယ်။

တောင်သူတွေဟာ ရိတ်သိမ်းချိန်ကို အတတ်နိုင်ဆုံး အချိန်တိုအောင် လုပ်ဆောင်ကြရပါတယ်။ ဒါကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကို အထိုက်အလျောက် ကာကွယ်တဲ့ သဘောလို့ ယူဆကြလို့ပါ။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက အချိန်မရွေးကျရောက်နိုင်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ ညနေစောင်းချိန်မှာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုလုပ်တယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြားက တောင်သူတွေဟာ ဝမ်းရေးအတွက် မဖြစ်မနေ လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့်လည်း တောင်သူတွေအတွက် လယ်ကွင်းဟာ အသက်မွေးဝမ်းကျောင်းပြုရာ နေရာတခုဖြစ်သလို အချိန်မရွေး အသက် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ နေရာတခုလည်း ဖြစ်လာတယ်။

ရွေးချယ်စရာမရှိတဲ့ တောင်သူတွေအဖို့ ရိတ်ချွေစက်ပေါ် အလံဖြူလေးတင်ပြီး စပါးတွေရိတ်သိမ်းနေကြပေမယ့် အရပ်သားတွေကို အကြောင်းမဲ့ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

တိုက်ပွဲတွေမှာတော့ အလံဖြူဆိုတာ လက်နက်ချတာ၊ အညံ့ခံတာ ကို ဆိုလိုပေမယ့် တောင်သူတွေ ထောင်ထားတဲ့ အလံဖြူကတော့ ဒီအဓိပ္ပါယ်မဟုတ်ပါဘူး။

ကိုယ့်မြေကို ကိုယ်ပြန်စိုက်ပျိုးပြီး ကိုယ့်ဘဝကို ကိုယ်ဆက်လက်ရှင်သန်ခွင့်ရဖို့ တောင်းဆိုမှုသာ ဖြစ်ပါတယ်။ အဲ့ဒီ အလံဖြူထဲမှာ တောင်သူတွေရဲ့ဘဝ၊ မျှော်လင့်ချက်တွေ၊ အသက်တွေဟာလည်း ရောနှောပါဝင်လို့ နေပါတော့တယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ