ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနထံ ၃ နှစ်အတွင်း ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုပေါင်း ၄၆ မှုရှိတယ်လို့ ဌာနဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုင်ကြားလာတဲ့ အမှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၄၆ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၃၅ ဒသမ ၂ ရာခိုင်နှုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ၁၈ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။

ကလေးသူငယ်တွေ အကြမ်းဖက်ခံနေရတာဟာ ပဋိပက္ခနဲ့ နေရပ်စွန့်ခွာမှုကြောင့် အကာအကွယ်ပေးနိုင်မှု အားနည်းလာတာ၊ အာဏာကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို လက်ခံထားတဲ့ လူမှုအယူအဆတွေက ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်တယ်လို့ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောပါတယ်။
“အကြောင်းရင်းတွေကို သုံးသပ်ရာမှာတော့ ပဋိပက္ခနဲ့ နေရပ်စွန့်ခွာမှုကြောင့် ဖြစ်လာတဲ့ အကာအကွယ်ပေးနိုင်မှု အားနည်းချက်တွေ၊ အာဏာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို လက်ခံထားတဲ့ လူမှုအယူအဆတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်” လို့ အဂ္ဂသာနုနုက ဆိုပါတယ်။
ဌာနရဲ့ အစီရင်ခံစာမှာ မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ်တွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အထူးအလေးထား ကိုင်တွယ်ရမယ့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာတခုဖြစ်တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်စဉ်အရေအတွက်ဟာ မြေပြင်မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်အားလုံးကို ကိုယ်စားပြုတာမဟုတ်ဘဲ ကြောက်ရွံ့မှု၊ အရှက်အကြောက်နဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေကြောင့် တိုင်ကြားခြင်းမရှိတဲ့ ဖြစ်စဉ်တွေလည်း ရှိနိုင်တယ်လို့ အဂ္ဂသာနုနုက ပြောပါတယ်။
အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေရဲ့ အသက်အရွယ်နဲ့ပတ်သက်ပြီးတော့လည်း ကလေးတဦးချင်းစီရဲ့ အချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိန်းသိမ်းရတာကြောင့် အသက်အရွယ်အတိအကျကို မဖော်ပြဘဲ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်ကြောင်းသာ ပြောဆိုနိုင်တယ်လို့ သူက ဆိုပါတယ်။
၃ နှစ်အတွင်း တိုင်ကြားလာတဲ့ အမှု ၄၆ မှုအနက် ၃၂ မှုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန် ၁၄ မှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေအတွက် ကူညီဆောင်ရွက်ပေးရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး အဂ္ဂသာနုနုက အခုလို ဆက်လက်ပြောဆိုပါတယ်။
“ပဋိပက္ခကြောင့် လုံခြုံရေးနဲ့ သွားလာရေး အကန့်အသတ်တွေ ရှိနေတဲ့အတွက် လိုအပ်နေတဲ့ ကလေးသူငယ်တွေဆီ အချိန်မီရောက်ရှိဖို့နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ခက်ခဲတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဖြစ်စဉ်တစ်ခုချင်းစီကို သေချာကိုင်တွယ်ဖို့ လေ့ကျင့်သင်ကြားထားတဲ့ ဝန်ထမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ လုံခြုံတဲ့နေရာတွေ၊ ကျန်းမာရေးနဲ့ တရားမျှတမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ချိတ်ဆက်ပေးနိုင်ဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုခံခဲ့ရတဲ့ ကလေးသူငယ်တွေကို အကူအညီပေးရာမှာ ကလေးသူငယ်တွေရဲ့ လုံခြုံရေးကို ဦးစားပေးဖို့ အရေးကြီးတယ်လို့ အဂ္ဂသာနုနုက ပြောပါတယ်။
ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ မြို့နယ်ဦးစီးမှူးတွေကတဆင့်ဖြစ်စေ၊၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကတဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းလည်း တိုက်တွန်းထားပါတယ်။






