ကန္တာရဝတီတိုင်း(မ်)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်ခွင့်တွေရရှိထားတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) က အလုပ်သမားတချို့ဟာ လုပ်အားခနဲ့ နေထိုင် စားသောက်စရိတ်တွေ မမျှတတာကြောင့် ဒုက္ခသည်စခန်းဆီ ပြန်လာနေကြပါတယ်။
ကရင်နီဒုက္ခသည် ကော်မတီ KnRC ရဲ့ စာရင်းတွေအရ စခန်းပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်သူ ( ၁,၄၃၇ ) ဦး ရှိသူထဲ အမျိုးသား ( ၉၁၄ ) ဦးနဲ့ အမျိုးသမီး ( ၅၂၃ ) ဦးပါဝင်ပါတယ်။ လက်ရှိမှာတော့ စခန်းကို ပြန်လာသူ ၁၇၂ ဦးအထိ ရှိလာပါတယ်။ အများစုကတော့ အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် ပြန်လာကြသူတွေဖြစ်ပါတယ်။
ဘန်ကောက်မြို့ကိုရောက်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်းက အလုပ်သမားအများစုဟာ သစ်သီးခူးတာ၊ ဆောက်လုပ်ရေး(ပန်းရံ) လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။
ဆောက်လုပ်ရေးမှာ လုပ်ကိုင်သူတွေက အဆင်ပြေနေကြတဲ့ အနေအထားရှိတယ်လို့ သိရပေမယ့် သစ်သီးခူးတဲ့ အလုပ်လုပ်နေကြသူတွေကတော့ အချိန်ပြည့်အလုပ်မရှိတာ၊ လုပ်အားခ နည်းတာတွေ ကြုံကြရတယ်လို့ အလုပ်သမားတချို့ ကပြောပါတယ်။
“အခုက ဘယ်လိုဖြစ်လဲဆိုတော့ တစ်ရက်လုံး မနက်အစောကနေ ညမိုးချုပ်အထိ လုပ်တာ ၁၈၀ (ဘတ်) အဲ့လောက်ပဲရတာ။ ပြဿနာက လုပ်တဲ့ဟာနဲ့ ရတဲ့ဟာ မကိုက်ဘူး အဲ့လိုပေါ့” လို့ စခန်းကို ပြန်လာတဲ့ သစ်သီးခူးသူ အမျိုးသားတဦးက ပြောပါတယ်။
ပုံမှန်အားဖြင့် လုပ်အားခကို အလုပ်သမားတယောက်ရဲ့ အသီးခူးယူနိုင်တဲ့ ပမာဏနဲ့ အလုပ်လုပ်နိုင်တဲ့ အခြေအနေအပေါ် မူတည်ပြီး ပေးတာကြောင့် တရက်နဲ့တရက် ဝင်ငွေမတူညီဘူးလို့ ဆိုပါတယ်။

“တစ်ခါတလေ မိုးမရွာတာတို့ဆို ညမိုးချုပ်ထိ ခူးဖို့ရှိရင် ၂၅၀၊ ၃၀၀ (ဘတ်) ထိရဖူးတယ်။ အလုပ်က မရှိတာ၊ သစ်သီးခူးဖို့ မရှိတော့တာဆို တရက်ကို ၄၀၊ ၅၀ (ဘတ်) အဲ့လောက်ပဲရ” လို့ သူက ပြောပါတယ်။
အလုပ်သမားတချို့ရဲ့ အဆိုအရတော့ သစ်သီးခူးဖို့အတွက် မနက် ၆နာရီကတည်းက အလုပ်သွားရတာပါ။ အလုပ်နေရာကလည်း အနီးအဝေးမတူတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အလုပ်ရှိတဲ့ရက်တွေမှာ လုပ်အားခ ပိုမိုရရှိနိုင်ပေမယ့် အသီးခူးဖို့ အလုပ်မရှိတဲ့ရက်တွေမှာ ဝင်ငွေ အလွန်နည်းပါးသွားတာကြောင့် ဘန်ကောက်လိုမြို့ကြီးတွေမှာ ရပ်တည်နေနိုင်ဖို့ ခက်ခဲတယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။
“တရက်တရက် ကုန်ကျတာလည်း အဖွဲ့နဲ့ဝယ်စားတော့ တစ်ခါတလေ တယောက် ၁၀၀ ကုန်တာ၊ တယောက် ၂၀၀ ကုန်တာလည်းရှိဖူးတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အလုပ်လုပ်ခွင့်ကဒ်ကုန်ကျမှုစရိတ်၊ အစားအသောက်နဲ့ တခြားသောနေ့စဉ် ကုန်ကျစရိတ်တွေကိုလည်း ကိုယ်တိုင်ကျခံရတာပါ။
ပုံမှန်အလုပ်ရှိတဲ့ရက်တွေမှာတော့ ကုန်ကျစရိတ်တွေကို ကာမိပေမယ့် အလုပ်မရှိတဲ့နေ့ရက်တွေများလာရင်တော့ ရေရှည်ဆက်ရပ်တည်ဖို့ အခက်အခဲရှိနေပါတယ်။
“အလုပ်မှာက အဆင်မပြေဘူးလေ။ ကိုယ့်စားရိတ်နဲ့ကိုယ် စားသောက်နေထိုင်ရတယ်။ အဲ့တာ အလုပ်လည်းရှိချိန်ကရှိ၊ ပုံမှန်မရှိတော့ အဆင်မပြေဘူး။ အခုက အကုန်ပြန်ချင်ကြတယ်” လို့ စခန်းကို ပြန်လာသူ အမျိုးသားတဦးက ပြောပါတယ်။
ကရင်နီဒုက္ခသည်ကော်မတီရဲ့ စာရင်းအရ စခန်းကိုပြန်လာကြတဲ့ အလုပ်သမား ( ၁၇၂ ) ဦးရှိနေပြီး နောက်ထပ်ပြန်လာချင်သူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြန်လာတဲ့ လမ်းစရိတ်အတွက် ငွေကြေးအခက်အခဲရှိနေကြတာကြောင့် ဆက်လက်နေထိုင်ရတယ်လို့ ပြန်လာသူတွေက ပြောပါတယ်။
ပြန်လာနိုင်သူတွေထဲက တချို့ကလည်း လမ်းစရိတ်အခက်အခဲကြောင့် မိသားစုနဲ့ ဆွေမျိုးတွေဆီ အကူညီတောင်းပြီး ပြန်လာသူတွေတချို့ရှိနေပါတယ်။
“အခုပြန်တဲ့သူက မိသားစု၊ ဆွေမျိုးက ကြည့်ပေးနိုင်တဲ့သူတွေလို့ ပြောလို့ရတယ်။ ကျန်ခဲ့တဲ့သူတွေလည်း ကားခရှိတဲ့အချိန် အကုန်ပြန်ကြမှာပဲ” လို့ အဆိုပါပြန်လာသူ အမျိုးသားက ပြောပါတယ်။
လက်ရှိဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေသူအားလုံး စခန်းကို ပြန်လာဖို့ ဆုံးဖြတ်ထားကြတာတော့ မဟုတ်ပါဘူး။ ဘန်ကောက်မှာ ဆက်လက်အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးကတော့ သူတို့အဖွဲ့အတွင်းမှာ စခန်းကို ထပ်မံပြန်လာမယ့်သူရှိတယ်ဆိုတဲ့ သတင်းကို မကြားသိရသေးဘူးလို့ ပြောပါတယ်။
“အခုတော့ ကျမတို့အဖွဲ့မှာ ထပ်ပြန်မယ့်သူတော့ မရှိသေးဘူး။ မကြားသေးဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
ကရင်နီဒုက္ခသည်ကော်မတီ ကတော့ အလုပ်သမားတွေရဲ့ အဆင်မပြေမှုတွေနဲ့ ပါတ်သက်ပြီး အလုပ်သမားနဲ့ အလုပ်ရှင်တွေဆီ သွားရောက်တွေ့ဆုံတာရှိပါတယ်။
ကရင်နီဒုက္ခသည် ကော်မတီ KnRCရဲ့ ဥက္ကဌ နေကော်ထူးရဲ့ ပြောပြချက်အရ စခန်းကနေ ထွက်ခွာအလုပ်လုပ်ကိုင်သူတွေဟာ ထိုင်းဘာသာစကား မတတ်ကျွမ်းတာကြောင့် လုပ်ငန်းခွင်အတွင်း ပြဿနာတွေကြုံတွေ့လာတဲ့အခါ တိုင်ကြားဖြေရှင်းရာမှာ အခက်အခဲရှိသလို အလုပ်ခွင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးလည်း အားနည်းချက်တွေရှိနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့ မသွားခင်က တိုင်ကြားခြင်း ယန္တာရားတွေ ပေးထားတာရှိတယ်။ တိုင်ကြားရင် ဘယ်သူ့ကို တိုင်ရမလဲ။ ဆိုတော့ တာဝန်ရှိတဲ့သူကို သွားမတိုင်တာ၊ တာဝန်မရှိတဲ့သူပဲ သွားတိုင်ကြားတော့ အဲ့လူတွေက သွားလာဖို့အတွက်ကို တိုင်ပင်ညှိနှိုင်းမှုမရှိပဲ တခါတည်း ပြန်လာကြတာသူတို့က။”လို့ KnRCရဲ့ ဥက္ကဌ နေကော်ထူးက ဆိုပါတယ်။

ကရင်နီဒုက္ခသည်ကော်မတီ ကတော့ အလုပ်သမားနဲ့ အလုပ်ရှင်ကြား တွေ့ဆုံညှိနှိုင်မှုတွေလုပ်ပေးနေပြီး အချင်းချင်းနားလည်မှုတွေ ပိုမိုရရှိလာတယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကိုယ်တိုင်ကလည်း ယုံကြည်မှုရှိရှိ ရပ်တည် အလုပ်လုပ်ကြဖို့လည်း လိုအပ်တယ်လို့ နေကော်ထူးက ဆက်ပြောပါတယ်။
“ရလဒ်ကတော့ ကျနော်တို့ ဘယ်လိုပြောမလဲဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား တွေ့ဆုံညှိနှိုင်းတိုင်ပင်ဖို့ ကျနော်တို့ လုပ်နိုင်ခဲ့တယ်ပေါ့နော်။ ကျနော်တို့ တွေ့ဆုံခြင်းအားဖြင့် ကုမ္ပဏီလုပ်ငန်းအခြေအနေတွေကို အလုပ်သမားတွေက ပိုသိလာတယ်။ ကျနော်တို့ သွားတွေ့ပေးခြင်းအားဖြင့် အလုပ်သမားတွေရဲ့ စိတ်အားထက်သန်မှုကိုလည်း သူတို့ ပိုရရှိလာတာကို တွေ့ရတာပေါ့နော်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြား နားလည်မှု၊ ယုံကြည်မှုရှိလာတာကိုလည်း တွေ့ရတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် လက်ရှိကြုံနေရတဲ့ လုပ်အားခနည်းပါးမှုနဲ့ အလုပ်အကိုင်မတည်ငြိမ်မှုတွေကို ရေရှည်ဖြေရှင်းနိုင်ဖို့ ကတော့ အရေးကြီးနေဆဲပါ။
တစ်ဖက်မှာလည်း ဒုက္ခသည်စခန်းတွေအတွက် အကူအညီတွေ ထပ်မံလျှော့ချဖြတ်တောက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဒုက္ခသည်အနေနဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကြိုးစားလုပ်ကိုင်ကြဖို့ နေကော်ထူးက တိုက်တွန်းထားပါတယ်။
စခန်းကနေ ထွက်ခွာအလုပ်လုပ်ကိုင်သူတွေအတွက် သင့်တင့်တဲ့လုပ်အားခနဲ့ တည်ငြိမ်တဲ့အလုပ်အကိုင်ရရှိရေး၊ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးနဲ့ စခန်းအတွင်း ဝင်ငွေရရှိနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးရေးဟာ ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် အရေးပါတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။







