ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ပေါ်မှာ ပြန်လည်နေထိုင်သူတွေကို အာဏာသိမ်းစစ်တပ်က သုံးယောက်တတွဲ သေနတ်တလက်ပေးပြီး အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ မြို့တွင်းပြန်နေသူတချို့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ကင်းစောင့်ခိုင်းရာမှာ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်ရှိတဲ့ သေနတ်ကိုင်နိုင်သူ အမျိုးသားတွေကို ရွေးချယ်ပြီး နေရာအလိုက် တာဝန်ခွဲပေးထားတယ်လို့ မိုးဗြဲမြို့တွင်း ပြန်နေသူတွေနဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။
“လယ်တီကျောင်း အဲဒီနားတချို့ စောင့်ခိုင်းတယ်။ တချို့က မြို့မနားက စေတီဘေးနားကော၊ အဲ့ဒီနားစောင့်ခိုင်းတယ်။ ယောကျ်ားလေးပဲ၊ အသက် ၃၀၊ ၄၀ ဝန်းကျင်လောက်ရှိမယ်။ သေနတ်ကိုင်နိုင်တဲ့သူတွေကို ကင်းစောင့်ခိုင်းတယ်။ အလှည့်ကျဖြစ်မယ်။ သုံးယောက်ကို သေနတ်တလက် ပေးကိုင်ထားတယ်” လို့ သူက ပြောပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ၂၀၂၆ ခုနှစ် မတ်လကစလို့ မြို့တွင်းကို ဒေသခံတချို့က ပြန်လည်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ပြန်လာနေထိုင်သူတွေကို အာဏာသိမ်းစစ်တပ်က ကင်းစောင့်တာဝန်တွေ ပေးအပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ကင်းစောင့်နေချိန်မှာ သေနတ်ယူပြီး ထွက်ပြေးသွားမှာကို စိုးရိမ်တဲ့အတွက် မိသားစုရှိသူတွေကိုသာ ရွေးချယ်ပြီး ခြိမ်းခြောက်ကာ ကင်းစောင့်ခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့တွင်းပြန်နေသူတွေဟာ မိမိတို့ရဲ့ နေအိမ်တွေမှာ လွတ်လပ်စွာ ပြန်လည်နေထိုင်ခွင့်မရဘဲ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ရတယ်လို့ သိရပါတယ်။ ဈေးဝယ်ဖို့အတွက် မြို့ပြင်ထွက်တဲ့အခါ စစ်တပ်က ကားနဲ့ ဖယ်ခုံမြို့ဘက်ကို ပို့ဆောင်ပေးပြီး ဈေးဝယ်ပြီးချိန်မှာတော့ သတ်မှတ်ထားတဲ့ စုရပ်နေရာကို ပြန်လာရတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ပြန်လာနေထိုင်သူတွေကို မြို့ထဲကနေ ထွက်ခွာခွင့် မပေးတော့တာနဲ့ သတ်မှတ်ထားတဲ့ နေရာတွေကိုသာ သွားလာခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ သတ်မှတ်ထားတဲ့ စုရပ်ကနေ နေအိမ်ကို ပြန်ကြည့်သူတွေထဲမှာ မိုင်းနင်းမိသူတွေ ၅ ဦးထက်မနည်း ရှိတယ်လို့လည်း သိရပါတယ်။







