spot_img
Homeသတင်းမိုးဗြဲအနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်နေရ

မိုးဗြဲအနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်နေရ

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို စိုးရိမ်တာကြောင့် တခြားနေရာတွေကို ထပ်မံတိမ်းရှောင်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ မိုးဗြဲမြို့အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ မကြာခဏ ကင်းထောက်ပြီး ဗုံးကြဲနေတာကြောင့် လုံခြုံရေးစိုးရိမ်ပြီး ထပ်မံတိမ်းရှောင်ကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

“လေယာဉ်လာကြဲတဲ့နေ့ကတည်းက ကြောက်ကြလို့။ ကြောက်လို့ ထပ်ရှောင်ကြတာ” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

လတ်တလော ပြောင်းရွှေ့တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တချို့ဟာ ပစ္စည်းတွေ သယ်ယူဖို့ ယာဉ်ငှားခစရိတ် မတတ်နိုင်ဘူးလို့ သိရပါတယ်။

“စက်မှမရှိတာ။ တချို့ စက်ရှိသူတွေကတော့ အမျိုးချင်းဆို ဆီထည့်ခိုင်းတယ်ပေါ့။ ဒါပေမဲ့ သူစိမ်းဆို စက်ခတောင်းတယ်ပေါ့” လို့ နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ထော်လာဂျီစက်ခနဲ့ ကားခက ခရီးအနီးအဝေးပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၅ သောင်းကနေ ကျပ် ၂ သိန်းခွဲအထိ ပေးဆောင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

တနေရာကနေ နောက်တနေရာကို ထပ်မံပြောင်းရွှေ့နေထိုင်ရတဲ့အတွက် တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေထံက သိရပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ နေထိုင်ရာနေရာတွေကိုပါ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

အောက်တိုဘာလအတွင်း မိုးဗြဲမြို့အနောက်ခြမ်းမှာ ထပ်မံတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ အတိအကျကို မသိရပေမယ့် ခန့်မှန်းခြေ ၆၀၀ ကျော်ရှိလာပြီလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ