spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းရိုးရာနှင့် ယဉ်ကျေးမှုကယန်းနှစ်သစ်ကူးပွဲတော်အား နေရာ (၁၉) နေရာခွဲ၍ ကျင်းပမည်

ကယန်းနှစ်သစ်ကူးပွဲတော်အား နေရာ (၁၉) နေရာခွဲ၍ ကျင်းပမည်

-

ကယန်းအမျိုးသားနေ့တွင် အမျိုးသားအလံ သယ်ဆောင်လာပုံ ပုံ…ခွန်းတူးတူးလေး

ခွန်းကလိုင်းဖရီး

လာမည့် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် ကယန်းတိုင်းရင်းသားများ၏ ကယန်းသက္ကရာဇ် ၂၇၅ရ ခုနှစ်မှ ၂၇၅၈ ခုနှစ်သို့ ကူးပြောင်းမည့် ကယန်းနှစ်သစ်ကူးပွဲတော်ကို နေရာပေါင်း (၁၉) နေရာခွဲပြီး ကျင်းပသွား
မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာ (၁၉) နေရာခွဲပြီးကျင်းပရခြင်းနှင့် ပတ်သက်၍ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ခွန်းဖရန်စစ္စကိုက “ကျွန်တော်တို့ ကယန်းလူမျိုးက ပြည်နယ်အလိုက် ပြန့်ကျဲနေထိုင် တယ်။ အဲ့တော့ တစ်စုတစ်စည်းထဲကျင်းပဖို့က မလွယ်လှဘူး။ အဲ့ဒါကြောင့်မို့လို့ နေရာအသီးသီးက ကျင်းပကြပါလိမ့်မယ်။” ဟု ပြောသည်။

ကယန်းနှစ်သစ်ကူးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ဦးဆောင်ကာ ကယန်းလူမှုအသင်းအဖွဲ့များ၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကယန်းအမျိုးသားပါတီ၊
ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကယန်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့်  လိုက်လံတွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကယန်းအဖွဲ့အစည်းအသီးသီးမှ ကယန်းနှစ်သစ်ကူးပွဲတော်အတွက် ပူးပေါင်းပါဝင်နိုင်မည့်ကဏ္ဍများ၊ နှစ်သစ်ကူးပွဲတော်တွင် ဖတ်ကြားမည့် သဝဏ်လွှာကိစ္စနှင့် ပံ့ပိုးငွေကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

“ကယန်းနှစ်သစ်ကူးနဲ့ပတ်သက်ရင် ကယန်းအမည်ခံတဲ့ အဖွဲ့အစည်းတွေရော၊ တာဝန်ရှိသူတွေရော နှစ်သစ်ကူးဆိုတော့ အကုန်လုံးနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အကုန်လုံးနဲ့ လိုက်တွေ့တာ
ပေါ့နော်။” ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၏ ဒေသစည်းရုံးရေးမှူးချုပ် ခွန်းဂျယ်နီပေါက ဆိုသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အတွက် ကယန်းရိုးရာပြိုင်ပွဲများဖြစ်သည့် သေနတ်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ လေးပစ်ပြိုင်ပွဲ၊ ရိုးရာဆန်ပြုပ်ချက်ပြိုင်ပွဲများအပြင် ဘော်လုံး၊ ခြင်းလုံးနှင့် ဘော်လီဘောအားကစား ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ဆိုသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အား ကျင်းပရာတွင် ရှမ်းပြည်နယ်၌ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် (၁၀) နေရာ၊ ကယားပြည်နယ်၌ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် မယ်စဲ့မြို့နယ်တို့တွင် (၇) နေရာ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့တွင် (၁) နေရာစီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ စတင်ပြီး ယခုကဲ့သို့ ကယန်းဒေသတွင်း နှစ်သစ်ကူးပွဲတော်ကို နေရာများများနှင့် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကယန်းနှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် ကယန်းပြည်သူလူထုများ အင်သိုက်အားသိုက် ပူးပေါင်း ပါဝင်ဆင်နွှဲကြရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ခွန်းဖရန်စစ္စကိုမှ တိုက်တွန်းနိုးဆော်ထား သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ