spot_img
21.1 C
Loikaw
Tuesday 28, October 2025
spot_img
Homeဆောင်းပါး“ပြည်ပထွက်ပြီး အလုပ်လုပ်မယ့် လူငယ်တွေ ဘာတွေသိထားသင့်လဲ”

“ပြည်ပထွက်ပြီး အလုပ်လုပ်မယ့် လူငယ်တွေ ဘာတွေသိထားသင့်လဲ”

-

ကန္တာရဝတီတိုင်း (မ်)

နိုင်ငံတွင်း ပဋိပက္ခကြောင့် အခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ထိုင်းနိုင်ငံထဲကို မြန်မာရွေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ခြောက်သန်းကျော် ဝင်ရောက်လာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။ အဲ့ဒီအထဲမှာ ကရင်နီပြည်က ရွေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်ရဲ့ ထက်ဝက်ခန့်ကတော့ အထောက်အထားမဲ့ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

ရွေ့ပြောင်းလုပ်သားတွေက ပွဲစားတွေဆီမှာ အခကြေးငွေ အဆမတန် ပေးကြရပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်လာကြပေမဲ့လည်း လမ်းခုလတ်မှာ ဖမ်းဆီးခံရသူတွေရှိနေတာကို ထိုင်းသတင်းတွေအရ တွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ နဲ့ ၁၉ ရက် နှစ်ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်နဲ့ စမွန်စခွတ်ခရိုင်တို့မှာ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၂၉၃ ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီအချက်တွေက တရားဝင် အထောက်အထားနဲ့ လာရောက်အလုပ်လုပ်ဖို့ အရေးကြီးကြောင်း ထောက်ပြနေပါတယ်။

သူတို့တွေက ပွဲစားတွေကို ဘတ် ၂၀,၀၀၀ ကနေ ၂၄,၀၀၀ အထိ မြန်မာငွေပေါက်စျေး ( ၂၁ သိန်း ကနေ ၂၆ သိန်း) ပေးဆောင်ထားပြီး အလုပ်လုပ်ဖို့ ထွက်လာကြကြောင်းကိုလည်း ထိုင်းသတင်းတွေက ပြောထားပါတယ်။

ကရင်နီပြည်ကနေ ထွက်လာတဲ့ ရွေ့ပြောင်းလုပ်သားတစ်ဦးရဲ့ ပြောကြားချက်အရ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်ရဲ့ ဆောင်ရွက်ပေးမှုနဲ့ အလုပ်အကိုင်ရကြပေမဲ့ တချို့ကလည်း အလုပ်အကိုင် မရကြသေးဘူးလို့လည်း ဆိုပါတယ်။

“အခုလက်ရှိလုပ်နေတဲ့ အလုပ်အပြင် တခြားစက်ရုံရှိတယ်ပြောတယ်။ နှစ်မျိုး သုံးမျိုးပေါ့။ ဒါပေမဲ့ ရောက်သွားတော့ ပို့တဲ့အလုပ်ပဲ လုပ်ရတာပေါ့။ တချို့တောင် အခုထိ အလုပ်မရသေးတဲ့လူတွေ ရှိတယ်။ မရတာတော့ မဟုတ်ဘူး။ ပထမအလုပ် အဆင်မပြေတော့ တခြားအလုပ်ရှာခိုင်းတာ ပွဲစားတွေက စမတ်ခ မပေးနိုင်ရင် မရှာပေးတော့တာ။ အဲတော့ ခံနေကြတာလဲရှိတယ်”လို့ ကရင်နီလူငယ်တဦးက ပြောပါတယ်။

အလုပ်အကိုင်မရသေးတဲ့ ရွေ့ပြောင်းလုပ်သားတွေက အွန်လိုင်းပေါ်ကနေတဆင့် အလုပ်ရှာနေကြပေမဲ့ အဆင်မပြေကြသေးဘူးလို့လည်း အဲ့ဒီလူငယ်ရွေ့ပြောင်းလုပ်သားက ပြောပါတယ်။

“ပွဲစားတွေကို ပိုက်ဆံပေးထားတဲ့သူတွေကတော့ ပြဿနာရှိတယ်။ ပွဲစားတွေကိုမယုံဖို့ပေါ့။ အဓိကပြဿနာက ဗမာ(မြန်မာ) အလုပ်သမားတွေကို ဒုက္ခပေးတာ ဗမာ(မြန်မာ) တွေပဲ ဖြစ်နေတယ်။ အဲ့ဒါ သိပ်အရေးကြီးတယ်။ အဲ့ဒါတွေကို အရေးယူရမယ်” လို့ ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ တရားဝင် လာရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ လူငယ်တချို့အား တွေ့ရစဉ်

မြန်မာရွေ့ပြောင်းလုပ်သားတွေက ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ စစ်မှုထမ်းဥပဒေတို့ကြောင့် နီးစပ်ရာ နိုင်ငံတွေကို နည်းအမျိုးမျိုးနဲ့ ထွက်လာကြသလို ကရင်နီပြည်ရှိ လူငယ်တွေကလည်း နီးစပ်ရာထိုင်းနိုင်ငံကို ဝင်ရောက်ပြီး အလုပ်အကိုင် ရှာဖွေတာတွေလည်း များလာနေပါတယ်။

ကရင်နီပြည်ထဲကနေ မိသားစု စားဝတ်နေရေးကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်တွေ ပိုများလာတယ်လို့ သိရပေမယ့် ရာခိုင်နှုန်းကိုတော့ မသိရှိရသေးပါဘူး။ လက်ရှိမှာတော့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လူငယ်ရေးရာဌာန က စစ်တမ်းကောက်ယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲစားကနေတဆင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ရောက်လာတဲ့ ကရင်နီပြည်က လူငယ်တဦး ပြောပြချက်အရ လမ်းစရိတ်၊ စားသောက်စရိတ်၊ အလုပ်အေးဂျင့်ခ အပြီးအစီးအတွက် ပွဲစားကို ကျပ်ငွေ ၄၅ သိန်းပေးခဲ့တယ်လို့ ပြောပါတယ်။ ပွဲစားတွေအပေါ်မူတည်ပြီး အခကြေးငွေက သိန်း ၆၀ အထိ ကုန်ကျနေတာကိုလည်း ကန္တာရဝတီတိုင်း (မ်) အနေနဲ့ စုံစမ်းသိရပါတယ်။

ဒါပေမဲ့လည်း ထိုင်းနိုင်ငံအတွင်း အဖမ်းခံရတဲ့ ရွေ့ပြောင်းလုပ်သားတွေကို ပွဲစားတွေနဲ့ မြန်မာသံရုံးတို့ဖက်က အကူအညီ မပေးနိုင်တာကြောင့် ဥပဒေနဲ့အညီ လာရောက်ပြီး အလုပ်လုပ်ကိုင်ကြဖို့ ဦးထူးချစ်က တိုက်တွန်းထားပါတယ်။

“သံရုံးတွေကလည်း ဘာမှလုပ်ပေးလို့မရဘူး။ သံရုံးတွေဆိုတာကလည်း မြန်မာသံရုံးတွေကလည်း အလုပ်သမားတွေဆီက ပိုက်ဆံယူဖို့လောက်ပဲ သူတို့သိတယ်။ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့ဆိုတာ သူတို့မှာ မရှိဘူး။ ကျနော့်အနေနဲ့ ပြောလို့ရတာသည် မြန်မာရွေ့ပြောင်းအလုပ်သမားတွေက ဒီထက်မက ခံရမဲ့ဟာတွေ တွေ့တွေ့နေရတယ်ပေါ့”လို့ ဦးထူးချစ်က ပြောပါတယ်။

ရွေ့ပြောင်းလုပ်သားတွေရဲ့ နောက်ထပ်မျှော်လင့်ချက်တခုက ပန်းရောင်ကဒ် တနည်းအားဖြင့် ဘတ်ရိုက်တယ် လို့ခေါ်တဲ့ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ကဒ်ကို ထုတ်ရမှာဖြစ်ပြီး တရားဝင်အလုပ်ရဖို့ စောင့်နေကြရတော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ တရားဝင် လာရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ လူငယ်တချို့အား တွေ့ရစဉ်

တဖက်မှာလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားလုပ်သား သိန်းနဲ့ချီ နေရပ်ပြန်ပြီးနောက် မြန်မာလုပ်သားတွေကို အစားထိုးလုပ်ကိုင်စေမဲ့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ဘတ်ရိုက်ပေးမယ်လို့ ထိုင်းအစိုးရဖက်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လည်း ကုမ္ပဏီကြီးတွေရဲ့ လက်ဝါးအုပ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ နယ်စပ်ဒေသ လူကုန်ကူးမှု၊ နယ်စပ်ဒေသ ကျားဖြန့်လုပ်ငန်းတို့ကို အရေးယူဆောင်ရွက်မယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဘတ်ရိုက်မဲ့လုပ်ငန်းစဥ်ကို ထိုင်းအစိုးရက ယာယီဆိုင်းငံ့ထားပြန်ပါတယ်။

အခုလို တရားဝင်အလုပ် လုပ်ကိုင်ခွင့်ကဒ်တွေကို ပြုလုပ်ပေးတဲ့ လုပ်ငန်းစဥ်အတောအတွင်းမှာ ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့လုပ်သားတွေကို လိုက်လံဖမ်းဆီးလေ့ရှိတာကြောင့် အထောက်အထားမဲ့ လုပ်သားတွေက သတိဝိရိယနဲ့ နေထိုင်ဖို့ကိုလည်း အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တွေက တိုက်တွန်းထားကြပါတယ်။

လာမဲ့ အောက်တိုဘာလကုန်လောက်မှာ ပြန်ဖွင့်ပေးနိုင်ချေရှိတဲ့ ဘတ်ရိုက်လုပ်ငန်းစဥ်မှာလည်း အမည်စာရင်း သွင်းကြဖို့ကို ဦးထူးချစ်က တိုက်တွန်းထားပါတယ်။

“ထိုင်းနိုင်ငံထဲကိုလာမယ်ဆိုရင်လေး တရားဝင်လက်မှတ် တခုခုတော့ ကိုင်ဆောင်ထားဖို့ ရှိဖို့လိုမယ်။ နောက်တခုက ပွဲစားတွေ သတိထားဖို့လိုမယ်။ ပွဲစားတွေနဲ့ ပြဿနာတက်လို့ရှိရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းဖို့တော့ ပြောချင်ပါတယ်” လို့ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံအရပ်ရပ်က ရွေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ငန်း ၂၇ မျိုးကို ထိုင်းအစိုးရက ကန့်သတ်ထားပါတယ်။ အဲဒီလုပ်ငန်းတွေကတော့ သစ်ထွင်းပန်းပု လုပ်ငန်း၊ စိန်ကျောက်မျက်ဖြတ်တောက်တဲ့ လုပ်ငန်း၊ လေလံလုပ်ငန်း၊ ဆံပင်ညှပ်ခြင်းနဲ့ အလှပြုပြင်ခြင်းလုပ်ငန်း၊ ရက်ကန်းရက်တဲ့လုပ်ငန်း၊ (ကျူ၊ ကြိမ်၊ ကောက်ရိုး၊ ဝါး၊ ကြက်မွှေး) ရက်လုပ်ခြင်းလုပ်ငန်း၊ ချည်ထိုးလုပ်ငန်း၊ လက်နဲ့ပြုလုပ်ရတဲ့ ပိုးစာစက္ကူလုပ်ငန်း၊ ယွန်းထည်ပြုလုပ်တဲ့လုပ်ငန်း၊ ထိုင်းဂီတ တူရိယာ လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းတိမ် လုပ်ငန်း၊ ကျောက်ထည်ပြုလုပ်တဲ့ လုပ်ငန်း၊ ထိုင်းရိုးရာ အရုပ်ပြုလုပ်တဲ့လုပ်ငန်း၊ ဆွမ်းသပိတ် ပြုလုပ်တဲ့လုပ်ငန်း၊ ပိုးထည်ပြုလုပ်တဲ့ လုပ်ငန်း၊ ဗုဒ္ဓရုပ်ပွား တော်ပြုလုပ်တဲ့ လုပ်ငန်း၊ စက္ကူနဲ့ ထီး၊ အထည်ပြုလုပ်တဲ့လုပ်ငန်း၊ လက်နဲ့ ထိုင်းအက္ခရာစာပေရေးခြစ်တဲ့ လုပ်ငန်း၊ တရားရေးရာ ဝန်ဆောင်မှုလုပ်ငန်း နဲ့ မော်တော်ယာဥ်မောင်းနှင်ခြင်းလုပ်ငန်း တို့ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဆိုပါကန့်သတ်ထားတဲ့ လုပ်ငန်းတွေကို မြန်မာရွေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်သူတွေ ရှိနေတာကြောင့် ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ သဟဇာတ ဖြစ်အောင်နေထိုင်ဖို့ အရေးကြီးတယ်လို့လည်း ဦးထူးချစ်က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ