spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeဆောင်းပါး"သားသမီးရဲ့ လိုအင်ဆန္ဒနဲ့ ဝမ်းရေးအတွက် သေမင်းကို အနိုင်ယူနိုင်ခဲ့တဲ့ မိခင်"

“သားသမီးရဲ့ လိုအင်ဆန္ဒနဲ့ ဝမ်းရေးအတွက် သေမင်းကို အနိုင်ယူနိုင်ခဲ့တဲ့ မိခင်”

-

စောအယ်ကညော/ ကန္တာရဝတီတိုင်း(မ်)

“ ဒရုန်း ထိတဲ့အချိန်မှာလဲ ကျမ ဘုရားကို တောင်းတတယ်။ ငါ့ သား/သမီး ရှိသေးတယ်။ ဘုရား‌‌ရေ ကျမကို ကျူးကျူးလွန်လွန် မဖြစ်ပါစေနဲ့လို့ ကျမ ဆုတောင်းတယ်။”

ဒေါ်လိဘယ် ဟာ အသက်အရွယ်အားဖြင့် (၄၂) နှစ် ရှိပါပြီ။ သူမဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၁)ရက် နေ့မှာ ဒီးမော့ဆိုမြို့ပေါ်ရှိ ရပ်ကွက်တခုထဲမှာ စပါးရိတ်တဲ့ နေ့စားအငှားလိုက်ရင်း စစ်ကော်မရှင်က ပစ်ချလိုက်တဲ့ ဒရုန်းဗုံးစ ထိမှန်သွားပါတယ်။ ဒရုန်းဗုံးစဟာ သူမရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး (၁၁)ချက် ချုပ်လိုက်ရတဲ့အပြင် ‌ဘယ်ဖက်ပုခုံး၊ ညာဖက်ပေါင်နဲ့ ခြေထောက်တွေမှာလဲ ဒဏ်ရာ ရရှိသွားပါတယ်။

“ကျမစိတ်က ခိုင်လို့လားတော့ မသိဘူး လန့်လဲမလန့်ဘူး။ ကြောက်လဲ မကြောက်ဘူး သတိလဲ မလစ်ဘူး။ အသက်အောင့်တာလဲ မရှိဘူး။ မောတာတော့ မောတယ်”

ဒရုန်းဗုံးစ ထိမှန်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်နဲ့ ဆုတောင်းကို ဒေါ်လိဘယ် တယောက် စာရေးသူကို တခုချင်းစီ ပြန်ပြောင်းပြောပြနေတာပါ။

အခုတော့ ဒေါ်လိဘယ်ဟာ အသက် (၈)နှစ် အရွယ် သမီးတယောက်၊ အသက်(၁၅)နှစ်အရွယ် သားတယောက်၊ ခင်ပွန်းသည်နဲ့အတူ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ဘေးရှောင်စခန်းတခုမှာ စစ်ရှောင်နေတာ ဖြစ်ပါတယ်။ ယခင်က ဒေါငံခါးမှာ နေထိုင်ခဲ့ကြပြီး ကိုယ်ပိုင်လယ်ယာနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။

အာဏာသိမ်းပြီး ကရင်နီမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်းမှာတော့ ဒေါငံခါးရပ်ကွက်က ပြည်သူတွေရဲ့ နေအိမ်တော်များများ မီးလောင်ပြာကျခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ ‌ဒေါ်လိဘယ်တို့ မိသားစုရဲ့ ခိုလှုံရာအိမ်လေးလဲ ပါသွားပါတယ်။

အခုလို အန္တာရာယ်ရှိတာ သိသိကြီးနဲ့ ဒေါ်လိဘယ် တယောက် နေ့စားလိုက်ခဲ့ရတဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ဖိအားတွေလည်း ရှိနေတာပါ။

“ ကျမကလည်း စားဝတ်နေရေးလည်း အဆင်မပြေဘူး တဖက်။ ကလေးလည်း ပူဆာတယ်ပေါ့နော်။ ဖိနပ်လိုချင်တယ် ပူဆာတော့။ အခု ကျမလည်း ဒီလိုထိခိုက်မိတော့ ကလေးကို ဖိနပ်လည်း မဝယ်ပေးနိုင်တော့ဘူး။” လို့ ပြောပြနေရင်း ဒေါ်လိဘယ်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေ ပြည့်နှက်လာပါတယ်။

ဒေါ်လိဘယ်ဟာ စပါးအငှားရိတ်ခ တရက်ကို ကျပ် ၃၀,၀၀၀ (သုံးသောင်း) ရတယ်လို့ ပြောပြပါတယ်။

ဒေါ်လိဘယ်နဲ့ ခင်ပွန်းသည်တို့ဟာ လက်ရှိ သူတို့နေထိုင်တဲ့ စစ်ရှောင်စခန်းမှာတော့ ခြံထွက်သီးနှံလေးတွေ စိုက်ပျိုးပြီး ကြက်မွေးမြူကာ နေထိုင်ကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း မရှိတာ၊ ဝင်ငွေမရှိတာတွေကြောင့် ကလေးတွေရဲ့ လိုအပ်ချက်၊ စားဝတ်နေရေး စတဲ့ ဖိအားတွေက စစ်ဘေးရှောင်ပြည်သူတွေကို အန္တာရာယ်ဆိုတဲ့ သေမင်းရှိရာတွင်းကြီးထဲကို သွန်းပို့ပေးနေပါတယ်။

ဒါပေမဲ့ ဒေါ်လိဘယ်ကတော့ အဲ့ဒီအန္တာရာယ်ဆိုတဲ့တွင်းဆီကို တည့်တည့်ကြီး ခုန်ချကာ သေမင်းကိုတောင် စိန်ခေါ်အနိုင်ယူခဲ့ပါတယ်။ အခုလို အနိုင်ယူနိုင်ဖို့ ‌ဒေါ် လိဘယ်ကို အဓိက ခွန်အားဖြစ်စေခဲ့တဲ့ အရာတွေကိုလဲ သူမက အခုလိုပဲ ပြောပါတယ်။

“ သား/သမီးအတွက်ကြောင့် ကျမ သား/သမီးကို မချန်ထားချင်ဘူး။ ကျမ အသက်ရှင်ချင်သေးတယ်။ ငါ့သား/သမီးရှိသေးတယ်။ ငါအားတင်းရမယ်။ မိခင်ကောင်းတယောက် ပီသရမယ်။ အသက်ရှင်ရမယ်။ အဲ့လိုစိတ်မွေးတာ။” လို့ မျက်ရည်စတွေနဲ့ ရောနှောကာ မျော်လင့်ချက်ရောင်ခြည် သန်းနေတဲ့ မျက်ဝန်းတစုံနဲ့ ပြောပြနေခဲ့ပါတယ်။

စားဝတ်နေရေးအတွက် အရဲစွန့်ပြီး ရိတ်သိမ်းကာလမှာ မိမိအပိုင် စပါး၊ မြေပဲတွေ သိမ်းယူရင်း ထိခိုက်သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေ ရှိနေသလို ဒေါ်လိဘယ် လိုပဲ နေ့စားအငှားလိုက်ရင်း ဒဏ်ရာတွေနဲ့ ရှင်သန်နေရသူတွေလည်း ရှိနေပါတယ်။
အောက်တိုဘာလ တလတာအတွင်းမှာပဲ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခြင်းကြောင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ စပါးရိမ်းယူနေတဲ့ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါတွေဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီတဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီမှာ အလုပ်လက်မဲ့ဦးရေ များပြားလာသလို ပြန်လည်မစိုက်ပျိုးနိုင်ပဲ ပစ်ထားနေရတဲ့ လယ်ယာမြေတွေလည်း အများအပြား ရှိနေပါတယ်။ ဒေါ်လိဘယ် လိုပဲ အန္တာရာယ်ရှိတယ်ဆိုတာ သိပါလျက်နဲ့ အန္တာရာယ်ဆိုတဲ့ အရာတွေကို နေ့သဓူဝ စိန်ခေါ်အံတုနေရတဲ့ ပြည်သူတွေ ကရင်နီမှာ ဒု နဲ့ ‌ဒေး ရှိနေဆဲပါ။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ