spot_img
26.8 C
Loikaw
Friday 14, November 2025
spot_img
Homeဆောင်းပါးဆောင်းရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှာ တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာနေတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၇ သိန်းကျော်အထိ ရှိပြီး၊ အဲဒီထဲမှာ သေဆုံးသူ ၆၁ ဦးအထိ ရှိနေပါတယ်။

အေးမြတဲ့ရာသီဥတုထဲကို ကူးပြောင်းတော့မှာဖြစ်လို့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေ ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာမပြင်းထန်ဘူးဆိုပေမဲ့ အစားပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ယခုလို ဆောင်းရာသီအကူးအပြောင်းမှာဆိုရင် 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐢𝐫𝐮𝐬 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် ရာသီတုပ်ကွေးကိုဖြစ်ပေါ်စေတတ်ပါတယ်။

မလေးရှားနိုင်ငံမှာလည်း ကူးစက်မြန် တုပ်ကွေးရောဂါတမျိုး ပျံနှံ့နေတဲ့အတွက် မလေးရှားရောက် မြန်မာလုပ်သားတွေ ဂရုစိုက်ကြဖို့ မလေးရှားရှိ မြန်မာလူမှု့အဖွဲ့အစည်းတွေက အခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ အသိပေးထားပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီမှာလည်း တောတောင်တွေမှာ နေထိုင်ရတဲ့ စစ်ရှောင်ပြည်သူ တွေနဲ့ ဒေသခံပြည်သူတွေဟာ ဆောင်းရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကိုလည်း အထူးဂရုပြုသင့်ပါတယ်။

ရာသီတုပ်ကွေး တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ ကာလအတန်ကြာရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးမွှား တွေဟာ မျိုးရိုးဗီဇကို အချိန်တိုင်း ပြောင်းလဲနိုင်တာပါ။ ဒါကြောင့်လည်း တုပ်ကွေးမိပြီး ဖျားနေတဲ့ သူတွေဟာ နောက်တကြိမ်ပြန်ဖျားလာနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားရှိတဲ့ သာမာန်လူတယောက်အဖို့ ရောဂါလက္ခဏာတွေဟာ အများအားဖြင့် ပျော့ပျောင်းနိုင်ပါတယ်။

တုပ်ကွေးရောဂါပိုးဟာ သာမန်အအေးမိတာနဲ့ ဆင်တူပြီး နှာခေါင်း၊ တံတွေးနှင့် ချောင်းဆိုးနှာချေသူရဲ့ အမှုန်အမွှားတွေကို ရှူရှိုက်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ဒါတွေအပြင် အသုံးအဆောင်ပစ္စည်းတွေ မျှဝေ သုံးစွဲတာ၊ တုပ်ကွေးရောဂါပိုးရှိသူကိုင်ထားတဲ့ ပစ္စည်းတခုခုကိုယ်တွယ်ပြီး လက်နဲ့ မျက်လုံးတွေကို ပွတ်တိုက်တာ (ဒါမှမဟုတ်) နှာခေါင်းကိုကိုင်လိုက်တဲ့အခါ ပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

တုပ်ကွေးရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာနဲ့ ကြွက်သားနာကျင်တာတို့ ဖြစ်ပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်ဟာ အသက်အရွယ်မရွေး ကူးစက်နိုင်ပြီး စစ်ရှောင်စခန်းနဲ့ အလုပ်ခွင်တွေလို လူထူထပ်တဲ့ နေရာတွေမှာ အလျင်အမြန် ပျံ့နှံ့လေ့ရှိပါတယ်။

ရောဂါကူးစက်မှုကို လျှော့ချဖို့အတွက် ကျန်းမာရေးအရာရှိတွေက လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားဖို့၊ နှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ လက်ကို မကြာခဏဆေးကြောဖို့ အကြံပြုထားပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝသောအစားအစာကိုစားပေးရပါမယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နို့နဲ့ ဥ အမျိုးမျိုး စတာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီး စားပေးသင့်ပါတယ်။

ဒါတွေအပြင် အိပ်ရေးဝဝအိပ်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးရမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် တုပ်ကွေးဟာ သာမန်အအေးမိဖြစ်တာထက် ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အအေးမိခြင်းနဲ့ မတူဘဲ ရောဂါလက္ခဏာတွေက တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သလို အများအားဖြင့် အဖျားကြီးပြီး ရက်အတော်ကြာ ဆက်တိုက် ဖြစ်ပွားတတ်ပါသေးတယ်။

အထူးသဖြင့် ကလေးတွေမှာ အဖျား ၃၉ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထက်ဖြင့် ၃ ရက်မှ ၄ ရက်ဆက်တိုက် အဖျားတက်နိုင်ပါတယ်။ အအေးမိတာက အဖျားဖြစ်စေပေမဲ့ အလွန်ပြင်းထန်တဲ့ ရောဂါလက္ခဏာ ခံရလေ့ မရှိပါဘူး။ ရာသီတုပ်ကွေးမှာတော့ ကြွက်သားကိုက်ခဲတာတွေကို ခံစားရစေသလို အလွန်ပင်ပန်းတာ၊ အစားအသောက်ပျက်တာတွေလည်း ခံစားရနိုင်ပါတယ်။

တုပ်ကွေးရောဂါရဲ့ ကြောက်မက်ဖွယ်ရာ အချက်တခုကတော့ ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ နမိုးနီးယား၊ ဦးနှောက်ရောင် တာတွေ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ ကိုယ်ခံအားကျဆင်းတဲ့ HIV နဲ့ အေအိုင်ဒီအက်စ်ရောဂါလို ကျန်းမာရေး အခြေအနေအချို့ရှိသူတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားမရှိသူတွေမှာ ရာသီတုပ်ကွေးကို မကြာခဏဖြစ်စေတတ်ပါတယ်။

တုပ်ကွေးရောဂါခံစားရပြီး ၃ ရက်အတွင်း ရောဂါလက္ခဏာမသက်သာဘဲ အဖျားကြီးတာ၊ မေ့မြောတာ၊ ထုံထိုင်းတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရခက်ခဲတာ၊ ရင်ဘတ်အောင့်တာ၊ မူးဝေတာ၊ ရေဓာတ်ခမ်း ခြောက်တာစတဲ့ ရောဂါလက္ခဏာတွေ ဆက်လက်ဖြစ်ပွားနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

ရာသီတုပ်ကွေးဟာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်နိုင်သလို၊ ဖြစ်လာတဲ့အချိန်မှာ မိမိကိုယ်မိမိ ဂရုတစိုက်နဲ့ မှန်ကန်တဲ့ကုသမှုခံယူရင် Influenza ဟာ ကြောက်စရာ ကောင်းတဲ့ ရောဂါမဟုတ်တော့ပါဘူးဆိုတာ ကန္တာရဝတီတိုင်း(မ်) ပရိသတ်တွေအတွက် မျှဝေပေး လိုက်ရပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ