spot_img
23 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါး"မိုဆိုဖြစ်ရပ်အတွက် မိသားစုဝင်တွေ တရားမျှတမှုကို မျှော်လင့်နေဆဲ "

“မိုဆိုဖြစ်ရပ်အတွက် မိသားစုဝင်တွေ တရားမျှတမှုကို မျှော်လင့်နေဆဲ “

-

ကန္တာရဝတီတိုင်း (မ်)

နှစ်ရှည်ကြာသည့်တိုင်‌ ကရင်နီလူထုတွေရဲ့ ရင်ထဲမှာ ဆို့နင့်နေဆဲဖြစ်တဲ့ မိုဆိုက အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရတဲ့နေ့ ရောက်လာပြန်ပါပြီ။

ဒီကနေ့ ( ဒီဇင်ဘာလ ၂၄ ရက်နေ့ ) ဟာ မိုဆိုဖြစ်ရပ် ၄ နှစ် ပြည့်ပါ။ ခရစ္စယာန် အသိုင်းအဝိုင်းတွေရဲ့ ပျော်ရွှင်ဖွယ်ရာနေ့ဖြစ်တဲ့ ခရစ္စမတ်မတိုင်ခင်တစ်ရက် အလိုမှာပဲ ကရင်နီလူထုတွေရဲ့ ပျော်ရွှင်မှုကို အပြီးအပိုင်ဖျက်သိမ်းလိုက်တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

“သူများပျော်တဲ့အချိန်ကျ ကျမက အရမ်းဝမ်းနည်းရတယ်။ ကျမအသက်ရှင်နေသရွေ့ တရားမျှတမှုလိုအပ်တယ်လို့ ပြောနေရမှာပဲ” လို့ မော်ငါးမာ က ပြောပါတယ်။

မိုဆိုက မီးရှို့သတ်ဖြတ်ခံရမှုထဲ မော်ငါးမာ ရဲ့ သားနဲ့ သမီးတို့ ပါသွားခဲ့တာပါ။
စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ခရစ္စမတ်အကြိုနေ့မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ဖြတ်သန်းသွားလာခဲ့တဲ့ အရပ်သားပြည်သူ ၄၂ ဦး ဖမ်းဆီး မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဆိုပါ မီးရှို့သတ်ဖြတ်ခံခဲ့ရသူတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရပ်ကနေ စစ်ဘေးရှောင်ဖို့ သွားလာကြတဲ့ အရပ်သားတွေ ဖြစ်ပါတယ်။

အဲဒီဖြစ်စဥ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ လူထုတွေရဲ့ မိသားစုဝင်တွေကတော့ တရားမျှတမှုရရှိဖို့ တောင်းတနေကြသလို ဖြစ်စဥ်ကို မေ့လျော့မသွားကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

“ဒီအမှုတွေက ကျနော်တို့အနေနဲ့ မေ့လျော့သွားတာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ကျနော်တို့ လုပ်နိုင်တဲ့အပိုင်းကနေ လုပ်နေတာရှိတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျူးလွန်တဲ့သူကို ကျနော်တို့က‌ ဖမ်းဆီးတာတွေဖြစ်စေ တရားစွဲဆိုတဲ့ လုပ်ငန်းစဥ်ကတော့ ကျနော်တို့ မလုပ်နိုင်သေးဘူးပေ့ါနော။ ဒီဟာက တရားမျှတမှုအတွက် ကျနော်တို့ ကြိုးစားနေဆဲကာလ ဖြစ်တယ်လို့ပဲပြောလို့ရတယ်။ ဒါကြောင့်မို့လို့ အမှုတွင်းမှာ ပါသွားတဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှုကို ကျနော်တို့ မဖော်နိုင်တာအတွက်ကြောင့်မို့လို့ ကျနော်တို့စိတ်မကောင်းတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီ လုပ်ငန်းစဥ်တွေကတော့ အချိန်ကြာနိုင်တယ်ပေါ့နော။ သေချာပေါက်တစ်ခုကတော့ ကျနော်တို့ လူထုတော်လှန်ရေးအပြီးသတ်အောင်မြင်တဲ့တနေ့ကျရင်တော့ ဒီဖြစ်စဥ်က မဖြစ်မနေ တရားမျှတမှုကို ကျနော်တို့ ပြန်လည်ဖော်ဆောင်ပြီးတော့ ကျူးလွန်တဲ့သူကို ကျနော်တို့ ဥပဒေကြောင်းအရ ဖြစ်စေ အပြစ်ပေးအရေးယူမှုကို ကျနော်တို့လုပ်နိုင်အောင် ကြိုးစားသွားမယ်” လို့ KnHRG တည်ထောင်သူလည်းဖြစ်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

လာမဲ့နှစ်တွေမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဖော်ဆောင်မဲ့ အသွင်ကူးပြောင်းရေး တရားမျှတမှုကာလ ဖော်ဆောင်ရာမှာတော့ မိုဆိုဖြစ်စဥ်ဟာ တရားဥပအရ ဆောင်ရွက်သွားဖို့လိုအပ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မိုဆိုဖြစ်စဥ် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကရင်နီပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်း နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

မိုဆိုမီးရှို့သတ်ဖြတ်မှုအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပါတဲ့ အမှုတွဲဖိုင်ကို Universal Jurisdiction (တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) လုပ်ငန်းစဥ် နဲ့ ဂျာမနီနိုင်ငံမှာ တရားစွဲချက်တင်ခဲ့ပေမဲ့ တရားရုံးက ပယ်ဖျက်ခြင်းကို ခံလိုက်ရတယ်လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်ရဲဌာန နဲ့ NUG လူ့အခွင့်အရေး ရေးရာဌာနတို့ပူးပေါင်းပြီး သြစတေးလျား နိုင်ငံမှာ တရားစွဲချက်တင်ထားတဲ့ မိုဆိုဖြစ်စဥ်ပါဝင်တဲ့ အမှုတွဲဖိုင်ကတော့ ပယ်ချခြင်းမခံရပေမဲ့ လက်ရှိအချိန်ထိ သြစတေးလျား ခုံရုံးက ကြောင်းပြန်တာမရှိသေးဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။

အဆိုပါ အမှုတွဲဖိုင်ကို နိုင်ငံတကာတရားခုံရုံးတွေဆီ တရားစွဲချက်တင်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲဌာန KSP ကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်ထားပေမဲ့ အကြောင်းပြန်ခြင်း မရှိ‌သေးပါဘူး။

အသွင်ကူးပြောင်းရေး တရားမျှတမှုကာလကိုဖော်ဆောင်ရာမှာ မိုဆိုဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ပြည်နယ်အတွင်းမှာဖြစ်စေ၊ ပြည်ထောင်စုအဆင့်မှာဖြစ်စေ အရေးယူမှုကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နစ်နာသူမိသားစုဝင်တွေကိုလည်း တရားဥပဒေအရ အကာအကွယ်နဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး-၂ ဦးဗညား က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ