သိုးကလေး/ကန္တာရဝတီတိုင်း(မ်)
မွေးရာပါ စအိုပေါက်မပါလာတဲ့ သားထွေးလေးအတွက် မိဘ ၂ အပါအဝင်ဆွေမျိုးတွေဟာ စိတ်ပူပန်နေရတာ အခုဆို ၆ လ ကျော်လာခဲ့ပါပြီ။ သားထွေးလေး အောင်နိုင်လင်းကတော့ မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်နဲ့ မွေးလာခဲ့တာပါ။
သားထွေးလေးကတော့ ၃ ရက်သားအရွယ်မှာ ဝမ်းဗိုက်တကြိမ် ခွဲစိတ်မှုလုပ်ခဲ့တာကလွဲပြီး စစ်ဆေးချက်တွေအရ ကျန်းမာရေး နဲ့ ဖွံ့ဖြိုးတိုးတက်မှု ကောင်းနေတယ်လို့ မိခင်ကပြောပါတယ်။
စစ်ဘေးရှောင်ဖြစ်တဲ့အလျောက် ဖရူဆိုမြို့နယ် အင်တော A စစ်ဘေးရှောင်စခန်း တစ်ခုမှာ သားထွေးလေးကို ရှေးရိုးကျ လက်သည်နဲ့ မွေးဖွားခဲ့တာပါ။
မွေးဖွားလာပြီး နှစ်ရက်အကြာမှာပဲ ဆေးရုံး၊ ဆေးခန်းပြပြီး ဆရာဝန်တွေရဲ့ စစ်ဆေးချက်တွေအရ သားထွေးလေးမှာ စအိုပေါက်မပါလာတာကို နဲ့ မိဘတွေက သိခဲ့ရတာပါ။
မွေးရာပါ စအိုပေါက်မပါလာတာကြောင့် သားဖြစ်သူရဲ့အနာဂတ် အတွက် မိဘတွေအနေနဲ့ ခွဲစိတ်ကုသပေးချင်နေကြပါတယ်။ လက်ရှိမှာတော့ သားဖြစ်သူ မစင်စွန့်နိုင်အောင် ဝမ်းဗိုက်ကတဆင့် ခွဲစိတ်ပြီး မစင်အိတ်တပ်ပေးရပါတယ်။ ကလေးအတွက် မစင်အိတ်ကလည်းအလွယ်တကူ ဝယ်လို့မရတာကြောင့် အခက်တွေ့နေတယ်လို့ မိခင်ကပြောပါတယ်။
“ဒီအတိုင်းသာ ကျန်းမာနေမယ်ဆိုရင် ခွဲစိပ်ပေးချင်တာပေါ့နော၊ ဒီအတိုင်းထားလို့လည်း အဆင်မပြေဘူး၊ ဒီပစ္စည်းကို မှာယူရတာ ခက်တယ်၊ ပြီးတော့ ရလည်းမရဘူး၊ နိုင်ငံခြားမှာပဲ မှာယူရတာပေါ့နော၊ အရင်ကတော့ အလှူရှင်ကနေ ရတာပေါ့နော၊ သြစသေးလျကနေ မှာတာ ၂၀ တော့ရတာပေါ့၊ တစ်လုံး တစ်ပတ်သုံးလို့ရတာပေါ့၊ အခုက ကုန်နေပြီ၊ အသစ်မှာတယ်၊ ဒါပေမယ့် အဆင်မပြေဘူး၊ မကပ်ဘူး၊ ပြီးတော့ လူကြီးဟာပဲ ရှိတော့ ကပ်လိုက်ရင် ကလေးကို ပူလောင်သွားတယ်၊ ၆ လပြည့်ရင်တော့ ခွဲစိပ်လို့ရပြီ ဆရာဝန်ပြောတော့ ကျမတို့လည်း ခွဲစိပ်ပေးချင်တယ်ပေါ့နော” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။
ပထမအဆင့် ခွဲစိတ်မှုပြုလုပ်ထားပြီးပြီမို့ ၆ လသားအရွယ်မှာနောက်ထပ်ခွဲစိတ်မှုတွေ လုပ်လို့ အဆင်ပြေတယ်လို ဆရာဝန်ရဲ့ မှတ်ချက်ကို မိခင်ကပြောပြပါတယ်။
“ဆရာဝန် ပြောတာကတော့ ကလေးကျန်းမာရေးကောင်းတယ်၊ ခွဲနိုင်မယ်ဆိုရင်တော့ ကောင်းတယ်”လို့ ဆရာဝန် မှတ်ချက်ပေးထားတယ်ဟု မိခင်ဖြစ်သူက ပြောပါတယ်။
ကုန်ကျနိုင်တဲ့ ခွဲစိတ်ကုသမှု စရိတ်ဟာ ခန့်မှန်းချေ ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ အထိရှိတာကြောင့် ငွေကြေးမတတ်နိုင်ဘူးလို့ မိခင်ကပြောပါတယ်။
စစ်ဘေးရှောင်နေကြရတဲ့အပြင် ငွေကြေးအခက်အခဲရှိနေကြတဲ့ မိဘ ၂ပးါအဖိုက သားလေးရဲ့ အနာဂတ်နဲ့ ကျန်းမာရေးအခြေအနေအတွက် ရတက်မအေး ဖြစ်နေကြရှာပါတယ်။ သားထွေးလေးအတွက် အကူအညီပေးနိုင်မဲ့သူတွေကို မျှော်လင့်နေရုံမှတပါး တခြားမလုပ်နိုင်ပါဘူး။
သားထွေးလေးတို့ မိသားစုမှာ မိဘ၂ပါးအပြင် အစ်မ နှစ်ဦးရှိပြီး မိသားစုတွေက တောင်ယာ၊ လယ်ယာ လုပ်ကိုင်ကြသူတွေပါ။





