ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ ပြည်သူလူထုတွေ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ဖောက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်နေ့) ညပိုင်းမှာ အာဏာသိမ်းစစ်အစိုးရလက်အောက်ခံ ဝန်ထမ်းတွေက မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ မဖောက်ဖို့ မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံကြေညာခဲ့တယ်လို့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“မနေ့ညက လော်စပီကာနဲ့အော်တာ၊ မီးရှူးတွေ၊ ဗြောက်တွေဖောက်ရင် အရေးယူခံရမယ်ဆိုပြီးတော့” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။
လွိုင်ကော်မြို့တွင်းရှိ ဈေးဆိုင်တွေမှာလည်း မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ရောင်းချခွင့်မပြုဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လွိုင်ကော်မြို့တွင်း၊ ဘီလူးချောင်းမှာ ရှင်ဥပဂုတ္တ မီးမျှောပွဲကို ၂ ကြိမ် ကျင်းပခဲ့ပေမယ့် မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ဖောက်ခဲ့ခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
“နည်းနည်းတော့ မီးရှူးလေးတွေမပါတော့ ပွဲက အေးစက်စက်ကြီးဖြစ်နေတာပေါ့။ ခါတိုင်းဆို ဒီလိုမှမဟုတ်ဘဲ။ ဒါပေမဲ့လည်း မမြင်ရတာကြာတော့ ပျော်ပါတယ်” လို့ လွိုင်ကော်မြို့ခံ လူငယ်တဦးက ပြောပါတယ်။
မြန်မာ့ရိုးရာပွဲတော်ရက်ကြီးတွေဖြစ်တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်ခွင့် ကန့်သတ်ထားတာဟာ မြို့တွင်းလုံခြုံရေးအခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆိုကြပါတယ်။







