ကန္တာရဝတီတိုင်း ( မ် )
အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ကရင်နီမျိုးနွယ်စုတွေက နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိကြပါတယ်။ အာဏာမသိမ်းခင်ကာလတွေမှာတော့ ဒီးကူပွဲကို ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မနုမနော) ၊ ယင်းတလဲ မျိုးနွယ်စုတွေဟာ ကျေးရွာအလိုက်ဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ စည်စည်ကားကား ကျင်းပလေ့ရှိတာပါ။
ရပ်ဝေး ရပ်နီးက ဆွေမျိုး အပေါင်းအသင်းတွေကို ဖိတ်ခေါ်ကာ ရိုးရာအစားအစာတွေနဲ့ ဧည့်ခံကျွေးမွေးကြပြီး ပွဲတော်ရက်ကို ၃ ရက်ကနေ ၅ရက်အထိ ပြုလုပ် လေ့ရှိပါတယ်။ လူငယ်တွေကလည်း ကျေးရွာအလိုက် လည်ပတ်ကြသလို ရိုးရာအကတွေ ကကြတာ၊ ဒီးကူပွဲကို ထင်ဟပ်စေတဲ့ ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲတွေကို ပြုလုပ်တာ ရှိပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပွဲတော်ကို ကျေးရွာအလိုက်ဖြစ်စေ၊ စုပေါင်းဖြစ်စေ စည်စည် ကားကား မကျင်းပနိုင်တော့ပါဘူး။ ဒီလို အစဉ်အလာကြီးတဲ့ ရိုးရာပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တဲ့အတွက် လူငယ်တွေ ဘယ်လို အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရလဲ၊ ပွဲမကျင်းပနိုင်တဲ့အပေါ် ဘယ်လိုခံစားချက်တွေရှိနေကြလဲ ဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုမှုတ်ဆိတ်

ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုရင် ကျနော်တို့ရိုးရာယဉ်ကျေးမှုထဲက တခုဖြစ်တဲ့ အဲဒိုပေါ်မီပွဲကို စည်စည်ကားကားမကျင်းပနိုင်တာ တကယ့်ကို ဝမ်းနည်းစရာကောင်းတယ်ပေါ့နော်။ အဲဒိုပေါ်မီပွဲ တခုထဲတော့ မဟုတ်ပါဘူး တခြားသော ရိုးရာယဉ်ကျေးမှု ပွဲတိုင်းလိုလိုလည်း စည်စည်ကားကား မကျင်းပနိုင်ဘူး။ အခုလို မကျင်းပနိုင်တာဆိုရင်လည်း ဒီလူ့အဖွဲ့အစည်းတခုရဲ့ ခြိမ်းခြောက်မှု တခုကြောင့်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် အဲဒီ ခြိမ်းခြောက်မှုဒဏ်ကို ကျနော်တို့က ရင်ဆိုင်ပြီးတော့ တချို့သောရွာတွေမှာ အဲဒိုပေါ်မီပွဲကို အရင်လိုစည်စည်ကားကား မဟုတ်ရင်တောင်မှ သူတို့ရဲ့ ရွာနီးချင်းနားက လူတွေနဲ့ စည်ကားအောင် ပြုလုပ်ကြတာတွေရှိတယ်။ အဲဒိုပေါ်မီ ပွဲလိုဟာမျိုး ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတွေကို မကျင်းနိုင်တာဆိုရင်တော့ ဒါကျနော်တို့လို လူငယ်တွေ အတွက်ကော လာမယ့် အနာဂတ်လူငယ်တွေ အတွက်ကော ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ လွတ်လပ်စွာ စုဝေးပျော်ရွှင်ခွင့် ဆိုတဲ့ အရသာကို ကောင်းကောင်းကြီး မခံစားလိုက်ရဘူးပေါ့နော်။ အာဏာမသိမ်းမီ ကာလမှာဆိုရင်တော့ အဲဒိုပေါ်မီက တကယ့်ကို စည်ကားလွန်းပြီးတော့ တချို့သောရွာမှာ ဆိုရင်တောင် Tourist (နိုင်ငံခြားခရီးသည်) တွေတောင် ကျနော်တို့ရဲ့ ယဉ်ကျေးမှု အရသာကို လာပြီးတော့ ခံစား မှတ်တမ်းလာယူကြတယ်။ အဲလို အခြေအနေအထိလည်း ရှိခဲ့တယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ပြောချင်တာက ဒီရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းကြဖို့ ကျနော်ပြောချင်တာပေါ့နော်။
ဂျူးဂျူး

အဲဒိုပေါ်မီပွဲ စည်စည်ကားကား မကျင်းပနိုင်တော့တဲ့အပေါ် လူငယ်တွေက ကိုယ့်ရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ဆုံးရှုံးသွားရသလို၊ ကိုယ့်ရဲ့ဓလေ့ထုံးတမ်းတွေကို မေ့ပျောက်သွားနိုင်တယ်။ အဲဒိုပေါ်မီပွဲကို အစဉ်အလာအရ ဘယ်လိုကျင်းပပြုလုပ်ရလဲ၊ ဘယ်ချိန်မှာ ဘယ်လိုလုပ်သင့်လဲ စသဖြင့်ပေါ့။ ပြီးတော့ စည်းလုံးညီညွှတ်မှုတွေ မရှိတော့ဘူး၊ အတွေ့အကြုံတွေလည်း နည်းပါးမှုတွေ ရှိလာမယ်။ အရင်ကဆို ကိုယ့်အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးခဲ့တဲ့ အမှတ်တရတွေ၊ တရွာပြီးတရွာ လှည့်လည်ပြီး သွားလာခဲ့ရတဲ့ ပွဲရဲ့အနှစ်သာရတွေ၊ ပြီးတော့မှ လူငယ်တယောက်အနေနဲ့ ကိုယ့်ရဲ့ ရွာက ဘယ်လောက်စည်းလုံးကြကြောင်း ပြသနိုင်ခဲ့တဲ့ အမှတ်တရတွေက အခုထိ မေ့မရနိုင်တဲ့ အမှတ်တရတွေဖြစ်တယ်။ တနည်းအားဖြင့် ကိုယ့်ရိုးရာယဉ်ကျေးမှုကို တကယ်ချပြခွင့်ရတဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတယ်။
ရှေးရယ်

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့ ရိုးရာပွဲကို စည်စည်ကားကား မကျင်းပနိုင်တော့တာ သာမက တချို့ဆို ကျနော်တို့ရွာဖက်မှာမျိုးဆို လုံးဝကျင်းပလို့မရနိုင်တော့တဲ့ အနေအထားမှာ ဖြစ်သွားတယ်။ ကျေးရွာထဲမှာ မနေရတော့ဘဲ တောတောင်ထဲမှာပဲ သွားနေရတော့ လုံးလုံးအဆင်မပြေတော့တဲ့ အနေအထားမှာ ရှိတယ်။ ပွဲအကျဉ်းချုပ်ပဲ လုပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ရဲ့ မိရိုးဖလာ၊ ရိုးရာဓလေ့ဖြစ်တဲ့ အဲဒိုပေါ်မီပွဲကို နှစ်စဉ်နှစ်တိုင်း ကျနော်တို့ အမြဲတမ်းလိုလို စည်စည်ကားကား ကျင်းပခဲ့ကြတယ်၊ ပျော်ပျော်ရွှင်ရွှင် သွားလည်ခဲ့ကြတယ်။
အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျနော်တို့အခွင့်အရေး အများကြီးဆုံးရှုံးသွားတယ်။ ပွဲတွေ မလည်ရတော့ဘူး၊ ကျနော်တို့ ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားတယ်။ အဲဒိုပေါ်မီပွဲက ဘာကြောင့်ဘယ်လို လုပ်ရလဲဆိုတာတွေ ကိုယ့်ရဲ့အသိမိတ်ဆွေတွေကို မချပြနိုင်တော့ဘူး။ ပွဲတွေဆက်မလုပ်ဖြစ်တော့ ဘူးဆိုရင် တက်သစ်စလူငယ်တွေအတွက် အများကြီး ပိုနစ်နာသွားတယ်။ တနည်းအားဖြင့် အခွင့်အရေး တွေ ပိတ်ပင်ခံရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဲဒိုပေါ်မီပွဲကို ကျင်းပချင်ပေမယ့် အခုက စစ်ရှောင် နေရတော့ ဘယ်လိုခံစားရလဲဆိုရင် ရှင်းရှင်းပြောရရင် မပျော်ဘူး။ အရင်တုန်းက အဲဒိုပေါ်မီပွဲလည်ခဲ့ ရတဲ့ ပျော်ရွှင်မှုက ဘယ်လိုမှ အဲ့ပျော်ရွင်မှုကို ပြောပြလို့မရဘူး။ တော်တော်လေး ပျော်ခဲ့ကြတယ်။ အခုကတော့ ဒီလိုတွေ မရနိုင်တော့ဘူး။ ဒါတွေက အရမ်းနှမြောဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် အခြေအနေ မြန်မြန်ပြန်ကောင်းပြီး ကိုယ့်ရဲ့ ရိုးရာပွဲတွေလည်း စည်စည်ကားကားနဲ့ ပြန်ပြီးတော့ ဆက်လုပ်သွားချင်တယ်။
ဆော်မိုး

ရိုးရာဓလေ့တခုဖြစ်တဲ့ အဲဒိုပေါ်မီက နောက်လာမယ့်လူငယ်တွေအတွက်ကော နောက်လာမယ့် ကလေးတွေအတွက် စိုးရိမ်တယ်ပေါ့နော်။ ဆိုတော့ အခုချိန်မှာဆိုရင် ပုံမှန်လိုမျိုး အရင်တုန်းကလိုမျိုး ကောင်းကောင်းမွန်မွန်ကျင်းပချင်ပေမယ့် မကျင်းပနိုင်တော့ဘဲ အကျဉ်းချုပ်ပဲ ကျင်းပရတာမျိုးတွေ ဖြစ်တယ်။ ဆိုတော့ ဘယ်လိုမျိုးဆက်ပြီးတော့မှ ထိန်သိမ်းရမလဲဆိုတဲ့ဟာမျိုးခါကျတော့ ကြိုးစားကြပေမယ့် အခွင့်အရေး တွေက အရမ်းနည်းသွားတာမျိုးတော့ ဖြစ်တယ်ဆိုပေမယ့် ဒီဟာတွေကိုတော့ ကျမတို့ လက်လွှတ် လို့တော့ မဖြစ်ဘူးပေါ့နော်။ တချို့နေရာဒေသတွေဆိုရင် စစ်ကြောင်းတွေထိုး လို့ဆိုပြီးတော့ မကျင်းပလိုက်တဲ့ဟာမျိုးတောင် ရှိတယ်။
လာမိုး

ကျမတို့ဖက်မှာဆိုရင် အဲဒိုပေါ်မီပွဲကို ပြုလုပ်ကြတယ်။ အဲ့တုန်းကဆို ကျမတို့ အဲဒိုပေါ်မီပွဲကို ဘယ်လိုလုပ်လဲဆိုလို့ရှိရင် အချင်းချင်း တရွာနဲ့တရွာလည်ပတ်တာရှိတယ်။ တအိမ်တက် တအိမ်ဆင်းပြီး လိုက်ကကြတာ ရှိတယ်ပေါ့နော်။ ပြီးတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုတွေ ထုတ်ဖော်ပြီးတော့ ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူတိုင်းလိုလို စစ်ရှောင်နေရတော့ စည်စည်ကားကား မပြုလုပ်နိုင်တော့ဘူး။ ပြောချင်တာက ကျမတို့လူတွေက တကွဲတပြားတွေဖြစ်နေတယ်။ ပွဲကိုလည်း စည်စည်ကားကား မလုပ်နိုင်တော့ဘူး။ ရှိတဲ့လူတွေနဲ့ လုပ်မယ်ဆိုရင်လည်း ကျမတို့က လေယာဉ်ရန်တွေ၊ လက်နက်ကြီးရန်တွေ ကြောက်နေရတာလည်း ရှိတယ်ပေါ့နော်။ အဲလိုပွဲတွေ မလုပ်ရတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုတွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်နေရတယ်ပေါ့နော်။ ပြီးတော့ ကျမတို့ရဲ့ လာမယ့် နိုင်ငံရေးကောင်းတဲ့အချိန်ထိပေါ့နော် အရမ်းငြိမ်းချမ်းပြီးတော့ ကျမတို့ အရင်လို အဲဒိုပေါ်မီပွဲကိုလည်း စည်စည်ကားကား ပြန်လည်လုပ်ချင်ပါတယ်။