spot_img
19.1 C
Loikaw
Wednesday 8, October 2025
spot_img
Homeအင်တာဗျူးတောင်သူတွေရဲ့ ဝမ်းရေးအတွက် စစ်ဇုန်အတွင်း အသက်စွန့်ပြီး သီးနှံရိတ်သိမ်းနေတဲ့ စစ်ရှောင်အရေးဆောင်ရွက်သူ ကိုရာဇာ နဲ့ ဆက်သွယ်မေးမြန်းခြင်း

တောင်သူတွေရဲ့ ဝမ်းရေးအတွက် စစ်ဇုန်အတွင်း အသက်စွန့်ပြီး သီးနှံရိတ်သိမ်းနေတဲ့ စစ်ရှောင်အရေးဆောင်ရွက်သူ ကိုရာဇာ နဲ့ ဆက်သွယ်မေးမြန်းခြင်း

-

ကန္တာရဝတီတိုင်း(မ်)

“စိုးစိုးရိမ်ရိမ် ကြောက်ကြောက်လန့်လန့်နဲ့ပဲ ရသ‌လောက်လေး ပြန်ပြီးရိတ်သိမ်းရတဲ့ အခြေအနေမျိုးမှာ ဖြစ်တယ်ပေါ့”

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် လူထုအများစု တိမ်းရှောင်ခဲ့ကြရပါတယ်။

တိမ်းရှောင်နေစဥ်အတွင်း စားနပ်ရိက္ခာ အကူအညီမရရှိတဲ့ စစ်ရှောင်လူထုတွေဟာ သူတို့ စိုက်ပျိုးထားခဲ့တဲ့ စပါးတွေကို အသက်အန္တရာယ်တွေကြား ပြန်လည်ရိတ်သိမ်းနေကြတယ်လို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်သူ ကိုရာဇာ ဆီကနေ သိရပါတယ်။

ကိုရာဇာဟာ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့အလျောက် စပါးပြန်လာရိတ်သိမ်းကြတဲ့ ပြည်သူတွေနဲ့လည်း အတူလိုက်ပါကူညီ ရိတ်သိမ်းမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ စပါးစိုက်ပျိုးပြီးတဲ့အချိန်မှာ ထိုးစစ်ကြောင့် မရိတ်သိမ်းနိုင်ခဲ့ကြပဲ တိမ်းရှောင်ခဲ့ကြပြီး၊ စစ်ရှောင်နေစဉ်အတွင်း ရိက္ခာအကူအညီမရရှိတဲ့အတွက် လက်ရှိမှာ အသက်အန္တရာယ်ကြား ပြန်လည်ရိတ်သိမ်းနေကြရတာ ဖြစ်တယ်လို့ ကိုရာဇာ က ပြောပါတယ်။

အသက်အန္တရာယ်စိုးရိမ်မှုတွေကြားက စစ်ရှောင်တွေနဲ့အတူ လိုက်ပါကူညီဆောင်ရွက်ပေးတဲ့ ကိုရာဇာကို ကန္တာရဝတီတိုင်း(မ်) က အခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ စစ်ရှောင်တွေနဲ့အတူ စပါး ပြန်လာရိတ်သိမ်းနေစဥ်မှာ မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်နေရလဲဆိုတာလေး ဆရာ အရင်ဖြေကြားပေးပါဦးရှင့်။

ဖြေ။ ။ စစ်ကြောင်းနဲ့ မလှမ်းမကမ်းနေရာမှာ ပြန်ပြီးတော့မှ ရိတ်သိမ်းရတယ်။ ရိတ်သိမ်းတဲ့ အချိန်မှာလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေ ပစ်လာတာတွေရှိတယ်ပေါ့နော်။ အဲ့တာတွေ မရိတ်သိမ်းဘူးဆိုရင်လည်း အရင်တနှစ် စိုက်ပျိုးထားသမျှလည်း မရိတ်သိမ်းရတော့ ပြည်သူတွေ စားစရာမရှိဘူးပေါ့နော်။ အခုက သုံးပတ် နီးပါးပြေးလာတဲ့အချိန်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ မရဘူးပေါ့။ ပြည်သူတွေက မရနေဘူး ။ စစ်ရှောင်နဲ့ ကျေးရွာ ငါးခုကျော်လောက်က ထွက်ပြေးလာရတော့။ အဲ့တော့ သူတို့ မဖြစ်မနေ ပြန်ရိတ်ရတဲ့ဟာ မျိုးဖြစ်တယ်။ စပါးလည်း ကောင်းကောင်း မမှည့်သေးဘူး။ ပြီးတော့မှ ရာသီဥတုကလည်း မိုးနေ့တိုင်းလိုလို ရွာတာပေါ့။ အဲ့တော့ စပါးပဲ ရိတ်သိမ်းပြီး ရသလောက် ပြန်သယ်လာတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။

မေး။ ။ ဟုတ်။ ဆိုတော့ ဒရုန်းတွေ လက်နက်ကြီးတွေ ပစ်တာက တိုက်ပွဲရှိလို့လား၊ ပြည်သူတွေဘက်ကို တမင် ပစ်ခတ်တာမျိုးလားရှင့်။

ဖြေ။ ။ ဒရုန်းတွေကျတော့ သူတို့ စစ်ဧရိယာ ပစ်တဲ့နေရာတွေမှာ ချတာများတယ်ပေါ့။ အရင်တုန်းက အသေခံ ဒရုန်းက ဒီစစ်ရှောင်တွေ နေတဲ့နေရာနားထိ မကြာခဏတော့ လာချတာပေါ့နော်။ လောလောဆယ်တော့ ပြည်သူတွေ အများကြီး ပြန်ရိတ်တယ်ဆိုလို့ရှိရင် သူတို့လက်နက်ကြီးနဲ့ ပြည်သူတွေ ရှိတဲ့နေရာ ပြန်ထုလာတာရှိတယ်ပေါ့။ အဲ့လိုတွေရှိတယ်။ ပြီးတော့ စိုးစိုးရိမ်ရိမ် ကြောက်ကြောက်လန့်လန့်နဲ့ပဲ ရသ‌လောက်လေး ပြန်ပြီးရိတ်သိမ်းရတဲ့ အခြေအနေမျိုးမှာ ဖြစ်တယ်ပေါ့။ ပြီးတော့ ဒီဘက်တိုက်ပွဲနဲ့ အရမ်းနီးတဲ့ တချို့သော တောင်သူတွေစိုက်ခဲ့တဲ့ တောင်ယာတွေက ပြန်ရိတ်လို့တော့ မရသေးဘူးပေါ့နော်။

မေး။ ။ လက်ရှိပြန်လည် ရိတ်သိမ်းကြတဲ့ ပြည်သူတွေက ဘယ်အချိန်ကတည်းက တိမ်းရှောင်ကြတဲ့ သူတွေဖြစ်မလဲ။

ဖြေ။ ။ သူတို့က ၁၃ ရက်နေ့ (စက်တင်ဘာလ) ကစပြီးတော့ တိုက်ပွဲကြောင့် တိမ်းရှောင်လာတာပေါ့။ ပြီးတော့မှ တိုက်ပွဲ နည်းနည်းငြိမ်တာနဲ့ ၁၅ ရက်နေ့ ၁၆ ရက်နေ့‌လောက်ဆို သူတို့ နည်းနည်း…နည်းနည်းစီ ပြန်ရိတ်တဲ့အုပ်စုတွေ ရှိတယ်။ တော်တော်များများ လယ်စပါးတော့ မဟုတ်ဘူးပေါ့နော်။ အခု ရသလောက် အခု တောင်ယာစပါး နည်းနည်းများများ ပိုရလာတော့ အခုပြန်ရိတ်ကြတဲ့ဟာ ဖြစ်တာပေါ့နော်။

မေး။ ။ ဆိုတော့ ရိတ်သိမ်းနေစဥ် အခက်အခဲတွေအပြင် အခြားအခက်အခဲတွေကော ဘာရှိဦးမလဲ။
ဖြေ။ ။ ရိတ်တဲ့နေရာမှာ ဒီတိုင်းရိတ်ခြွေလို့တော့ မရဘူး။ ရိတ်တဲ့နေရာကနေတဆင့် ရှိတဲ့ ဆိုင်ကယ်တွေနဲ့ သယ်…သယ်ပြီး လုံခြုံတဲ့ နေရာမှာ သွားခြွေ အဲ့လိုလုပ်ကြတယ်။

မေး။ ။ အခုလို အန္တရာယ်ဇုန်ကြားက ပြန်လာလုပ်ကိုင်ကြတဲ့အပေါ် မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာပြောချင်တာရှိမလဲ။

ဖြေ။ ။ အဓိက စစ်ရှောင်က တော်တော်များများက သေရေးရှင်ရေးအတွက် အလုပ်ပြန်လုပ်ကြတာ ဆိုပေမဲ့လည်း စစ်ရေးသတင်းတွေ သေချာနား‌ထောင်ပေးဖို့လိုတယ်။ ကျနော်တို့မှာ တခြားဒေသလိုမျိုး ဒီ အင်တာနက်လိုင်းတွေ ဘာတွေ ကောင်းကောင်း မရဘူးပေါ့‌နော် ကောင်းကောင်းမရှိဘူး။ အဲ့တော့ တယောက်ပြန်လို့ရရင် အကုန်လိုက်ပြန်ကြတဲ့ဟာပေါ့။ ပြီးတော့မှ အချိန်မရွေး အသက်အန္တရာယ်တွေ ကျရောက်နိုင်တယ်ပေါ့။

မေး။ ။ လက်ရှိ စစ်ရှောင်တွေက အကူအညီမရကြလို့ ဝမ်းရေးအတွက် ပြန်လည်ရုန်းကန် ဖြေရှင်းကြတဲ့အပေါ် ဆရာ့တယောက်နေနဲ့ကော အခြားသော သက်ဆိုင်ရာကူညီဆောင်ရွက်ရေး အဖွဲ့တွေကို ဘာပြောချင်တာရှိမလဲရှင့်။

ဖြေ။ ။ ဒီ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ကျနော်တို့ ဒီကရင်နီပြည်လို့ပြောရင် ဒီးမော့ဆို အနောက်ခြမ်း ဖရူဆိုတို့၊ ဒီဖယ်ခုံအနောက်ခြမ်းလို့ ပြောရင်လည်း ဒီ ပီကင်း၊ လွယ်ရင်းတို့ဖက် တကြောပဲ ပုံမနေဘဲနဲ့ ကျနော်တို့ဖက်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပရော့ဂျက်တွေ ဘာတွေ ကူညီဆောင်ရွက်ပေးဖို့ကိုတော့ ပြောချင်တယ်ပေါ့။

ကျေးဇူးတင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ