ကန္တာရဝတီတိုင်း ( မ် )
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ကနေ လက်နက်ကြီးပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စပါးသိမ်းယူနေတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးနေတာဟာ ခပ်စိတ်စိတ် ဖြစ်လာပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ်တွင်း တနေရာမှာ စပါးရိတ်သိမ်းနေကြတဲ့ အရပ်သားတွေကို စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် လုံခြုံရေး စိုးရိမ်ပူပန်မှုကြားကနေ စပါးကို ပြန်လည်ရိတ်သိမ်းနေကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စစ်ဘေးတိမ်းရှောင်ရင်း စပါးပြန်သိမ်းယူနေကြတဲ့ ဒေသခံတချို့ရဲ့ အသံတွေကို စုစည်းတင်ဆက်ထားပါတယ်။
စစ်ဘေးရှောင် အမျိုးသမီးတဦး
“စိုးရိမ်ပူပန်မှုတော့ အများကြီးရှိတာပေါ့။ ဒါပေမဲ့ ကျမတို့ စားဝတ်နေရေးအရ နည်းနည်းရိတ်ရလဲ နည်းနည်း။ နေ့တပိုင်းလောက်ရိတ်ရလဲ နေ့တပိုင်းပေါ့။ စိုးရိမ်ရတာ သိသိရက်နဲ့ စားဝတ်နေရေး အတွက် ကျမတို့ ရုန်းကန်ပြီး ပြန်ရိတ်တာပေါ့နော်။ ပုန်းလိုက်၊ ရိတ်လိုက်။ ရိတ်လိုက်၊ ပုန်းလိုက် အဲ့လိုမျိုးပေါ့။ ဒါပေမဲ့ ကျမတို့ စပါးသွားရိတ်တာဆိုလည်း စားဝတ်နေရေးအတွက် အပင်ပန်းလဲ ခံရတယ်။ စိတ်မော ကိုယ်မောလဲ ဖြစ်တယ်။ စိတ်ပင်ပန်းတယ်”
စစ်ဘေးရှောင် အမျိုးသမီးတဦး
” ကျမတို့က စပါးပြန်ရိတ်တာ တအားကြောက်တယ်ပေါ့။ ကြောက်ကြောက်နဲ့ ရိတ်ရတယ်ပေါ့။ စပါးကို ရိတ်လိုက် အပေါ်မော့ကြည့်လိုက်၊ ထွက်ပြေးလိုက် ဒရုန်းလာတဲ့ အချိန်ဆို အဲ့မျိုးလုပ်ရတယ်။ တအားကြောက်ပါတယ်။ ပြန်မရိတ်ရရင်တော့ ဆုံးရှုံးရတယ်ပေါ့။ စားစရာလဲ မရှိဘူး ကျမတို့ စစ်ရှောင်ထဲမှာနေတော့ ပြန်ရိတ်ပြန်တော့လဲ ကြောက်ရတယ်။ အသက်အန္တရာယ်လဲ စိုးရိမ်ရတယ်ပေါ့”
စစ်ဘေးရှောင် အမျိုးသားတဦး
” စိုးရိမ်တာကတော့ အဲ့ဒီ ဒရုန်းပဲလေ။ ဒရုန်းလဲ ရှေ့တစီး နောက်တစီး အဲ့လိုဝဲတော့ မလွယ်ဘူးလေ။ နောက်ပြေးရလဲ ချုံမြောင်းထဲမှာ ခုန်ချရတယ်ပေါ့။ အဲ့ဒါမှဒရုန်းက သိပ်မတွေ့တော့ဘူးပေါ့။ ပုန်းပြီးတော့မှ ပြန်ထွက်လာလိုက် ဒရုန်းထွက်သွားပြီဆို ပြန်ရိတ် နောက်ပြီး ခိုးပို့ နည်းနည်း ခိုးပို့ ပြီး ဒရုန်ပြန်လာရင် ပြန်ထွက်ပြေး အဲ့လိုပေါ့။ မရိတ်ရင်လဲ တနှစ်တနှစ် စားစရာလဲ မရှိဘူးလေ။ စားစရာမရှိတော့ မဖြစ်မနေ ပြန်ရိတ်ရတာပဲ။ မိသားစုလဲ ခက်ခဲတယ်ကော။ အဓိက က ဆန်ပဲ။ စားဝတ်နေရေးကိစ္စဆိုတော့ သေသေ၊ ရှင်ရှင် ပူပန်ပြီးတော့ ရိတ်ရတာပေါ့”
စစ်ဘေးရှောင် အမျိုးသားတဦး
“ကျနော်တို့ စိုက်ထားတဲ့ သီးနှံပင်ကို ပြန်ရိတ်သိမ်းဖို့ အချိန်တန်ပြီလေ။ အချိန်တန်တော့ ပြန်ရိတ်လို့ ရမလားဆို သွားတာ။ လမ်းမှာလဲ ကြောက်နေရတာ တကြောင်း ၊ လယ်ထဲ ရောက်တော့ ဒရုန်းကြဲတာက တကြောင်းနဲ့ ရိတ်တဲ့ အချိန်လဲ ဖရိုဖရဲ နဲ့။ ဒရုန်းကလည်းလာကြဲပြီး လျှောက်လိုက်၊ ပုန်းပြီး ပြန်ပြေးပြန်လိုက်ရတာ။ မရိတ်ရသေးတဲ့ စပါးလဲ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ ပစ္စည်းရှိတယ်။ ဒါကြောင့် ကျနော်တို့လဲ သွားမရိတ်ရဲတော့ဘူး။ မရိတ်ရရင်တော့ တနှစ်စာ စားဝတ်နေရေးက မဖူလုံတော့ဘူးပေါ့။ စိုက်ပျိုးထားတဲ့ဟာဆို တနှစ်စာလောက် ဖူလုံမယ်ထင်ထားတာ။”





