ကန္တာရ၀တီတိုင်း ( မ် )
ကရင်နီပြည်တပ်မတော် ( KA ) ဒုတိယ စစ်ဦးစီချုပ်၊ ဗိုလ်မှူးကြီးဘုန်းနိုင်ရဲ့ စျာပန အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ ၁ရက်နေ့၊ ထိုင်း – ကရင်နီနယ်စပ် တနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး ဘုန်းနိုင်ရဲ့ စျာပနအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC )၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ၀အမျိုးသား တပ်မတော် WNA၊ ပအိုဝ့်အမျိုးသားအစည်းအရုံး PNLO ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ ကရင်နီပြည်သူ့လွှတ်မြောက်ရေးတပ်ဦး KNPLF ၊ ပအို၀့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PNDF တို့မှ ကိုယ်စားလှယ်အပါဝင် တပ်ပိုင်းဆိုင်ရာတွေ၊ ပြည်သူလူထုတွေ၊ ဧည့်သည်တွေ လူဦးရေ ၁,၀၀၀ နီးပါး လာရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ အပါအ၀င် KNU နဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတို့ စုစုပေါင်း ၁၇ ဖွဲ့တို့က ပေးပို့လာတဲ့ သ၀ဏ်လွှာကိုလည်း မှတ်တမ်းတင် ထားခဲ့ပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ KA ရဲ့ ဒုတိယ စစ်ဦးစစ်ချုပ်တာ၀န်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်းဗဟိုပါတီကော်မတီ၀င် အနေနဲ့လည်း တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ၉၆ ပါး အနာရောဂါဖြင့် ထိုင်းနိုင်ငံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သား၊ သမီး ၆ ဦးနဲ့ မြေး ၃ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။





