ကန္တာရဝတီတိုင်း ( မ် )
လက်ရှိအချိန်ဟာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေကို ရိတ်သိမ်းနေကြတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမဲ့ စပါးရိတ်သိမ်းချိန်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ကရင်နီပြည်၊ ဒီးမော့ဆို(ရှေ့) မြို့နယ်က စပါးစိုက်တောင်သူတွေဟာ ရိတ်သိမ်းပြီး စပါးတွေကို နေလှန်းခြောက်သွေ့အောင် မလုပ်နိုင်တာ၊ စပါးမှိုတက်တာနဲ့ အပင်ပေါက်တာတွေကို ကြုံတွေ့နေကြရပါတယ်။
ဒါ့အပြင် စိုက်ပျိုးချိန်မှာလည်း မိုးရွာသွန်းမှု မမှန်ကန်တာကြောင့် စပါးအထွက်နှုန်း လျော့နည်းခဲ့ပြီး ရိတ်သိမ်းချိန်မှာပါ မိုးရွာသွန်းမှုကြောင့် စပါးပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒီနှစ်စိုက်ပျိုးရေးမှာ အခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့ တောင်သူတွေရဲ့ ရင်တွင်းစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဦးဘော်ရယ် (အသက် ၅၀)
“ကျနော်တို့ စပါးသိမ်းတဲ့အချိန်မှာ စပါးချွေလှေ့စက်တွေကို လိုက်ခေါ်ရတာလည်း ခက်တယ်။ အလှည့်ကျနဲ့ သွားရတော့ ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိုးရွာသွားတယ်။ မိုးရွာလည်း မတတ်နိုင်ဘူး။ ရိတ်ရမှာပဲ။ စပါးသိမ်းတဲ့အချိန်မှာ မိုးရွာတာက တခု၊ နေမပူဘဲ မိုးက ရက်တိုင်းရွာတော့ စပါးတွေက မှိုတက်ကုန်တော့မယ်။ ပြန်တွက်ကြည့်ရင်တော့ အရင်းတောင် ပြန်မရဘူး။ တဧကကို ၁၈ အိတ် (၄ ပုံးအိတ်) ပဲ ရတယ်။ မြေဩဇာ လုပ်အားခတွေနဲ့ ပြန်တွက်ကြည့်ရင် ဘာမှမကျန်တော့ဘူး။ ဒါပေမဲ့ စပါးမြင်ရတဲ့အတွက် ကျနော်တို့ အားတင်းပြီး အတတ်နိုင်ဆုံး ခြောက်အောင်၊ ကောင်းအောင် လုပ်ကြတယ်။”
ဒေါမြာမိုး (အသက် ၂၉)
“စပါးရိတ်သိမ်းတဲ့အချိန်ကတည်းက မိုးရွာတာ။ ဒီမှာ ပြန်ပုံထားတော့ တချို့ဟာတွေကို ဖြန့်ထားတယ်။ နေကမပူဘူး။ အမြဲတမ်း မိုးအုံ့နေတယ်။ စပါးကိုလည်း မလှန်းနိုင်ဘူး။ သုံးရက်၊ လေးရက်နေတော့ မိုးက ထပ်ရွာတယ်။ ပုံထားတဲ့အောက်ပိုင်းတွေမှာ ရေစိမ့်ဝင်ကုန်တယ်။ မှိုတက်ကုန်တယ်။ မိုးကာအောက်မှာ ရေစိမ့်ဝင်တဲ့ စပါးတွေကို ပြန်ကောက်ပြီး ပြန်လှန်းရတယ်။ နောက်တပုံကျတော့ အထဲမှာ ပူကျစ်နေတာပဲ။ နေပြန်လှန်းဖို့ လုပ်တော့ မိုးရေထဲမှာတောင် လုပ်ရတယ်။ စပါးသိမ်းချိန်မှာ အခုလို မိုးတွေရွာတော့ အခက်အခဲဖြစ်တယ်။ ပင်လည်း ပင်ပန်းတယ်။”
ဦးထွန်းရယ် (အသက် ၅၀)
“ဒီတနှစ် လယ်လုပ်ရတာ အဆင်လုံးဝမပြေဘူး။ ခါတိုင်းနှစ်ဆို မိုးလယ်မှာ မိုးရွာပေးတယ်။ အခုက လုံးဝမရွာပေးဘူး။ ကျနော်တို့ လယ်လုပ်ရင်းနဲ့ စပါးတွေ အနှံထွက်ချိန်ရောက်သွားတော့ မိုးက လုံးဝမရွာ။ စပါးအနှံတွေလည်း ကောင်းကောင်းမထွက် အနှံကောင်းကောင်းမထွက်တော့ စပါးတွေကို ပြန်ရိတ်သိမ်းတဲ့အခါကျတော့ မိုးက ပြန်ရွာပြန်ရော။ မိုးရွာပြန်တော့ စပါးတွေက ပျက်စီးတယ်။ လှန်းတော့လည်း အဆင်မပြေဘူး။ ဟိုနေရာရွှေ့၊ ဒီနေရာရွှေ့နဲ့ဆိုတော့ နည်းနည်းပါးပါးတော့ ပျက်စီးကုန်တာပေါ့။ တော်တော်လေး ဆုံးရှုံးတယ်။”
ဒေါအီမြ (အသက် ၄၈)
“ပြီးခဲ့တဲ့ သုံးလ၊ လေးလတုန်းကဆိုရင် မိုးက မရွာဘူး။ အခုက မိုးရေကို မလိုတော့တဲ့အချိန်မှာ မိုးက ရွာတယ်။ ကျမတို့ စပါးတွေ မှိုတက်ကုန်တယ်။ တချို့ဆို အပင်တောင် ပေါက်ကုန်တယ်။ အခုလို ဒီမှာ ပြန်လှန်းတော့လည်း ဒီတစ်ပတ်အတွင်း မိုးရွာတော့ ရေဝပ်ကုန်တယ်။ မှိုတက်ကုန်တယ်။ လယ်ထဲမှာလည်း ပျက်စီးကုန်တာတွေ ရှိတယ်။ တချို့ဆို မရိတ်သိမ်းရသေးတာတွေလည်း ရှိတယ်။”





