spot_img
17.8 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းCDM ဝန်ထမ်းတွေ အလုပ်အကိုင်ရရှိဖို့အတွက် ကြိုးပမ်းပေးနေတယ်လို့ KSCC CDM ကော်မတီဆို

CDM ဝန်ထမ်းတွေ အလုပ်အကိုင်ရရှိဖို့အတွက် ကြိုးပမ်းပေးနေတယ်လို့ KSCC CDM ကော်မတီဆို

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှုသပိတ် (CDM) ပြုလုပ်ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေအတွက် အလုပ်အကိုင်နဲ့ ကူညီထောက်ပံ့မှုတွေ ရရှိဖို့ ကြိုးပမ်းပေးနေတယ်လို့ KSCC CDM ကော်မတီတာဝန်ခံတစ်ဦးက ပြောပါတယ်။

“ကရင်နီ CDM ဝန်ထမ်းတွေကို ဌာနအလိုက် Focal person တွေ ရရှိထားပြီးတော့ လိုအပ်သလို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်။ ကရင်နီပြည် CDM မူဝါဒတွေ ရေးဆွဲထားပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လိုအပ်တဲ့ ကြီးကြပ်လမ်းညွှန်မှုတွေ၊ ထောက်ပံ့မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကြိုးစားပေးမှုတွေ၊ CDM တွေထဲက အခက်ခဲဆုံး သူတွေရဲ့ မိသားစုဝင်တွေအတွက်ပါ အတတ်နိုင်ဆုံးကူညီမှုများ ပြုလုပ်နေပါတယ်“ လို့ ၎င်းက ဆက်ပြောပါတယ်။

KSCC CDM ကော်မတီဟာ CDM ပြုလုပ်ခဲ့တဲ့ သူတွေရဲ့ အခက်အခဲတွေကို ကူညီပေးဖို့ ၂၃ရက်၊ အောက်တိုဘာလ ၂၀၂၁ ခုနှစ်မှာ ပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် KSCC ပုံမှန် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Photo: Karenni Nurses Association

ကရင်နီပြည်မှာ CDM ဝန်ထမ်းပေါင်း ၇၀၀၀ ကျော်ရှိနေပြီး လက်ရှိမှာတော့ KSCC CDM ကော်မတီဆီကို စာရင်းပေးထားတဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကျန်ရှိနေသေးတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေရရှိနိုင်ဖို့ စာရင်းသွင်းပေးကြဖို့လည်း KSCC CDM ကော်မတီက ဖိတ်ခေါ်ထားပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်ဘေးရှောင်နေရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ CDM ဝန်ထမ်းတစ်ဦးက လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလိုပြောပါတယ်။

“အလုပ်မရှိဘူးလေနော။ ကျမတို့ တောင်ယာ၊ လယ်ယာတွေလည်း မလုပ်ကိုင်စားတတ်ဘူး။ စားဝတ်နေရေးဘားမှအဆင်မပြေဘူး။ အဖေကလည်း နေမကောင်းဘူး။ အားကိုးစရာ ယောက်ကျားလေးလည်း မရှိဘူး။ ကိုယ့်ကို ရုန်းကန်နေရတယ်ပေါ့နော။ စားဝတ်နေရေးဘားမှ အဆင်မပြေဘူးပေါ့နော။ ဝင်ငွေမရှိ ထွက်ငွေ ပဲရှိခါကျတော့ အဆင်မပြေပါဘူး“ လို့ ၎င်းက ပြောပါတယ်။

လက်ရှိအချိန်အထိ CDM ပြုလုပ်တဲ့အတွက် ဆန်တစ်အိတ်နဲ့ ဆားတစ်ပိဿထောက်ပံ့တာကို ရရှိဖူးတယ်လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီကို လက်နက်ကိုင်ပြီး တော်လှန်နေတဲ့သူတွေ ရှိသလို စစ်ရှောင်တွေကို သွားရောက်ကူညီပေးနေတဲ့ သူတွေလည်းရှိပါတယ်။ တချို့ကတော့ စစ်ဘေးရှောင်ဘဝနဲ့ နေထိုင်ရသူတွေလည်းရှိသလို ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ပြီး ဘဝကို ရုန်းကန်နေရသူတွေလည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ