spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလက်နက်ကြီးထိမှန်ပြီး ဒီးမော့ဆိုအရှေ့ဖက်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်လအတွင်း အရပ်သား ၁၁ ဦးသေဆုံး

လက်နက်ကြီးထိမှန်ပြီး ဒီးမော့ဆိုအရှေ့ဖက်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်လအတွင်း အရပ်သား ၁၁ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်နေ့) က လက်နက်ကြီးထိမှန်ပြီး အရပ်သား အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရတယ်လို့ နွေဦးဂုရုလေးများ ဒါရိုက်တာ တစ်ဦးက ပြောပါတယ်။

“ညနေပိုင်း ၄နာရီ ၅နာရီဝန်းကျင်ပေါ့နော။ သူ ဒေါခူလီက မိန်းကလေးတစ်ယောက်ပေါ့နော။ သူမြေပဲခင်းမှာသွားပြီးတော့ အလုပ်လုပ်နေရင်းနဲ့ပေါ့။ လက်နက်ကြီး ကျလာတယ်ပေါ့။ သူတစ်ခါတည်း ပွဲချင်းပြီးသေသွားတယ်ပေါ့။” လို့ နွေဦးဂုရုလေးများ ဒါရိုက်တာ တစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့ရသူဟာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒေသခံတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ယမန်နေ့က ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခလရ ( ၁၀၂ ) တပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ လက်နက်ကြီးပစ်လာတော့ ကျနော်တို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းပေါ့နော။ ပါဒေါဒူတို့ ဘာတို့ တစ်ဝိုက်မှာ တောက်လျှောက်ကျတယ်။ ဒီလက်နက်ကြီးက ဒီညနေပိုင်းမှာပေါ့နော။ တောက်လျှောက်ကျတယ်။ ပတ်ပတ်လည်မှာကျတယ်။ ဒီဒေါခူလီမှာကျတဲ့တစ်လုံးက အဲ့ဒီဒေသခံ ရွာသားက ခြံကနေ ပြန်လာတယ် ဆိုလားပဲ ပြန်လာရင်းနဲ့ လက်နက်ကြီးကျရင်း သူ့ကို ထိသွားတယ်။ နေရာမှာတင် သူဆုံးသွားတယ်။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့စာရင်းအရ ကရင်နီပြည်တွင်းမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်၊ သတ်ဖြတ်မှုတွေကြောင့် စက်တင်ဘာလ ၁ရက်နေ့မှ ၂၂ရက်နေ့အတွင်း အသက်မပြည့်သေးတဲ့ ကလေးသုံးဦးအပါအဝင် အရပ်သား ၁၁ဦး သေဆုံးခဲ့ရပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ အရပ်သား ၂သိန်းကျော်ရှိနေပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေရတဲ့အတွက် နေရပ်ကို ရိက္ခာတွေပြန်ယူရင်း စစ်ကောင်စီသတ်ဖြတ်ခံရတာတွေရှိသလို မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် ထိခိုက်မှု၊ သေဆုံးရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ရက်နေ့မှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ မိသားစုတစ်စု ဆိုင်ကယ်နဲ့ ရိက္ခာပြန်ယူရင်း မိုင်းထိမိခဲ့ပါတယ်။ အသက် ၄၀ကျော်အရွယ်အမျိုးသားတစ်ဦး ခြေတောက်ထိခိုက်ဒဏ်ရာရပြီး ၁၀လသားအရွယ် ကလေးငယ်တစ်ဦး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ဒါဟာ International Humanitarian Law ကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“ အဲ့ဒီဟာကတော့ စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်စွတ်ဖက်ဖို့ နည်းလမ်းက တော်တော်လေးခဲယဉ်းတဲ့ အဆုံးအဖြတ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံရဲ့ အတွေ့အကြုံကို ကြည့်မယ်ဆိုရင် International Humanitarian Law ကို ကျူးလွန်ပြီဆိုရင် နိုင်ငံတော်တော်များများက ဝင်ရောက်စွတ်ဖက်လို့ ရတဲ့ အနေအထားတစ်ခုကို တချို့နိုင်ငံတွေရဲ့ သက်သေအရ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဒါပေမယ့်ဒီဟာအရေးကြီးဆုံးက UNကနေ သွားတဲ့ လုပ်ထုံးလုပ်နည်းက ပိုပြီးတော့မှ သဟဇာတဖြစ်မလားပေါ့။ ဆိုတဲ့ စဉ်းစားချက်ကတော့ ရှိနေပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှုတွေဟာ ဆက်တိုက်ရှိလာနေပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့အထိ အရပ်သားထိခိုက်သေဆုံးမှု ၂၆၇ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရပ်သားသေဆုံးမှု အများစုဟာ လက်နက်ကြီးထိမှန်တာနဲ့ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၂ရက်နေ့က လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ