spot_img
19.5 C
Loikaw
Tuesday 27, January 2026
spot_img
Homeမာလ်တီမီဒီယာကရင်နီလူငယ်တွေရဲ့ နိုင်ငံရေးအသိအမြင်တွေကို အဓိက သင်ကြားပေးနေတဲ့ KSDCကျောင်း (၂၁) နှစ်အထိ ဖွင့်လှစ်ပြီးစီးခဲ့

ကရင်နီလူငယ်တွေရဲ့ နိုင်ငံရေးအသိအမြင်တွေကို အဓိက သင်ကြားပေးနေတဲ့ KSDCကျောင်း (၂၁) နှစ်အထိ ဖွင့်လှစ်ပြီးစီးခဲ့

-

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှာ ဖွင့်လှစ်ထားတဲ့ KSDC ( Karenni Social Development Center)ကျောင်းဟာ ကရင်နီလူငယ်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အဓိက သင်ကြားပေးနေပြီး ယခုနှစ်ဆိုရင် (၂၁) နှစ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

(၂၁)နှစ်အတွင်းမှာ Basic Course အပတ်စဉ် (၂၁) နဲ့ Advanced Course အပတ်စဉ် (၁၃) ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆင်းပွဲကို မတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ Basic Course ကျောင်းသား/ သူ ၅၁ ယောက်နဲ့ Advanced Course က ကျောင်းသား/သူ ၂၈ ယောက်ကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကျောင်းပြီးသွားတဲ့ အချိန်မှာ မိမိတို့ သိရှိလိုတဲ့ နိုင်ငံရေးဆိုင်ရာ အသိအမြင်တွေ ပိုပြီး ကျယ်ပြန့်လာတယ်လို့ Advanced courseကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့တဲ့ ခူးတူးရယ်က ပြောပါတယ်။

“ကျနော်တို့ ပြည်တွင်းမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ဟာတွေ ကျနော်တို့ မသိရသေးတဲ့ အကြောင်းအရာတွေ ဥပဒေတွေ အထူးသဖြင့် ကျနော်တို့ သိချင်နေတဲ့ ဥပဒေတွေ အများကြီး ရသွားတာပေါ့နော။ ပြီးရင် ဒီကျောင်း ဒီ လူ့ အဖွဲ့အစည်းမှာ ဘာတွေလိုအပ်နေလဲ ပြီး အားနည်းချက် ဘာတွေရှိလဲ ကျနော်တို့ ကရင်နီအဖွဲ့အစည်း တွေမှာပေါ့နော။ သူတို့ရဲ့ မျှော်မှန်းချက် အနာဂတ်မျှော်မှန်းချက် သူတို့လိုချင်နေတဲ့ ဒီမိုကရေစီပုံစံတွေ အစရှိသဖြင့်ပေါ့နော။ အဲ့ဟာတွေ ဒီအခြေခံ သဘောတရားအရ ကျနော်တို့ သိရှိခဲ့ ရပါတယ်ပေ့ါနော။ “

လူ့အခွင့်အရေးဆိုင်ရာအကြောင်းကို သိရှိနားလည်ခဲ့သလို နိုင်ငံတကာသုံးအင်္ဂလိပ်ဘာသာရပ်၊ အတွေးအခေါ်ဆိုင်ရာတွေမှာ တိုးတက်လာတဲ့အတွက် ကရင်နီလူမှုအဖွဲ့အစည်းမှာ ပြန်လည် အလုပ်အကျွေးပြုဖို့ရှိမယ်လို့ သူကဆက်ပြောပါတယ်။

“ကျတော်တို့ ဒီ ကျောင်း ရဲ့ Policy အရ သူ့ရဲ့ Vision၊ Mission နဲ့ အတူကျတော်တို့ဒီ အဖွဲ့အစည်း ကရင်နီ လူ့ အဖွဲ့အစည်း မှာ ပြန်ကူဖို့အတွက် ကျတော် ပြန်လုပ်မှာ ဖြစ်ပါတယ်။” လို့ ခူးတူးရယ်က ပြောပါတယ်။

KSDC ကျောင်းပြီးစီးသွားတဲ့သူတွေအနေနဲ့ နိုင်ငံတကာ ဥပဒေကျောင်း၊ အခြားသော နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေကို သင်ကြားပေးတဲ့ ကျောင်းတွေမှာ ပညာဆက်လက်သင်ယူလို့ရတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

အဲဒီကျောင်းပြီးသွားပြီး တခြားကျောင်းဆက်မတက်ရောက်နိုင်တဲ့သူတွေအနေနဲ့ကလည်း ကရင်နီ လူမှုအသိုင်းအဝိုင်းမှာ ဝင်ရောက်ကူညီနေတယ်လို့ KSDC ကျောင်းအုပ်ကြီး ခူးမြာရယ်က ပြောပါတယ်။

“အခု ကျနော်တို့ community မှာ အများကြီးသူတို့ကိုလည်း လက်ကမ်းကြိုဆိုတာများတယ်ပေါ့နော။ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင် သူတို့အလုပ်က ဒီ communityမှာ ပြန်ပြီးလုပ်တာ များတယ်ပေါ့နော။ “

ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

လူ့အခွင့်အရေးကို ပိုပြီး သိရှိနားလည်လာဖို့၊ ချိုးဖောက်ခံရမှုတွေကို လျော့ချလာနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်သလို ရေရှည်မှာ တရားဥပဒေစိုးမိုးမှုအတွက်ပါ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ခူးမြာရယ်က ပြောကြားခဲ့ပါတယ်။

“ဒီတရားဥပဒေစိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ပြီးတော့မှ ရေရှည်မှာ ကျနော်တို့မျှော်မှန်းတာကတော့ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်း ထူထောင်နိုင်ပြီးတော့မှ တကယ့်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ဖို့ ကျနော်တို့ ရည်မှန်းချက် မျှော်မှန်းချက်နဲ့ လုပ်တာပေါ့နော။ “ လို့ ခူးမြာရယ်က ပြောပါတယ်။

အဲ့ဒီကျောင်းဟာ နှစ်စဉ် ၂၅ယောက်ခေါ်လေ့ရှိပေမယ့် Basic Course အယောက် ၄၀ နဲ့ Advance course ၂၅ယောက် တိုးချဲ့ ခေါ်ယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လူငယ်တွေအနေနဲ့ လေလွင့်မှု မရှိအောင် ကျောင်းသားတိုးပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ခူးမြာရယ်က ပြောပါတယ်။

ကျောင်းပြီးစီးသွားတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ လက်ရှိ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေး အခန်းကဏ္ဍတွေမှာ စိတ်ပါဝင်စားမှုရှိကြတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးရေး (KNWO) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှာလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကူညီတာတွေရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ