spot_img
18.4 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံး

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစ မိုးဗြဲမြို့ပေါ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အရပ်သားသေဆုံးမှုကလည်း ၂၀ ဦးထက်မနည်းရှိနေတယ်လို့ မိုးဗြဲမြို့မှာ ကယ်ဆယ်ရေးဆောင်ရွက်တဲ့သူတွေဆီကနေ သိရပါတယ်။

သေဆုံးသူအရပ်သားတွေဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်တာ၊ နေအိမ်ထဲပိတ်မိပြီး စစ်ကောင်စီက ဖမ်းဆီးပစ်သတ်တာ၊ လမ်းသွားလမ်းပြည်သူတွေကို ပစ်ခတ်တာ စတဲ့အကြောင်းအရင်းတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့ မိုးဗြဲဒေသခံတစ်ဦးက ပြောပါတယ်။

“အရပ်သားသေဆုံးမှုကတော့ ရုပ်အလောင်းရသလောက် ပြုစုထားတဲ့စာရင်းကတော့ ၂၀ပေါ့နော။ တချို့ကျန်သေးတယ်ပေါ့။ ရွာထဲမှာထုတ်လို့မရတဲ့ဟာတွေ စစ်ဇုံထဲမှာဖြစ်နေတဲ့ဟာတွေပေါ့နော အဲ့ဒါတွေ အနည်းဆုံး ၄၊ ၅လောင်းလောက်ကျန်မယ်ပေါ့။ လောလောဆယ်ပေါ့နော ၂၅လောက်ရှိမယ် အနီးစပ်ဆုံးပေါ့နော။”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ၁၅နှစ်အောက် ကလေး သုံးဦးနဲ့ အမျိုးသမီး ၅ဦးအထိ ပါဝင်နေပြီး ကျန်တဲ့သူတွေကတော့ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကောက်ယူပြီး သင်္ဂြိုလ်ပြီးစီးတဲ့ စာရင်းအရ ၂၀ ဦးသေဆုံးတာကို အတည်ပြုထားနိုင်တာဖြစ်ပြီး သေဆုံးသူအများစုကတော့ စည်ကား (၂) ရပ်ကွက်ကဖြစ်တယ်လို့ အဆိုပါ မိုးဗြဲ ဒေသခံက ဆက်ပြောပါတယ်။

မြို့ဗြဲမြို့က ရပ်ကွက်တွေရဲ့ အိမ်ကြား၊ လမ်းကြားမှာ မကောက်နိုင်သေးတဲ့ ရုပ်အလောင်းတချို့ရှိနေဆဲ ဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် ကောက်ယူလို့အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းအရ မိုးဗြဲမြို့မှာ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၂ရက်နေ့အထိ အရပ်သားသေဆုံး၊ ပျောက်ဆုံးသူ ၃၅ဦး ထက်မနည်းရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ