spot_img
24 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်တွေကို တဝက်စျေးနဲ့ရောင်းပေးတဲ့ တဝက်စျေးဆိုင်တွေ အခက်အခဲဖြစ်လာ

လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်တွေကို တဝက်စျေးနဲ့ရောင်းပေးတဲ့ တဝက်စျေးဆိုင်တွေ အခက်အခဲဖြစ်လာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေ သက်သာချောင်ချိရေးအတွက် ကုန်ပစ္စည်းတချိုု့ကို တဝက်စျေးနဲ့ ရောင်းချပေးတဲ့ တဝက်စျေးဆိုင်တွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေရတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အခုလမ်းခရီးအခြေအနေတွေကြောင့် တစ်လမှတစ်ကြိမ်ဘဲကုန်ပစ္စည်းရောက်တယ်။ တစ်ခါတစ်လေ ၁ပတ်တစ်ကြိမ်တော့ ရောက်ပါတယ်။ အရင်ကတော့ ပစ္စည်းကတော့ ၁၃မျိုး ၁၄မျိုးလောက်တော့ရှိတယ်ပေါ့။ ဒီနောက်ပိုင်းခက်ခဲလာတဲ့ခါကြတော့ အဓိကဆန်၊ဆီ၊ဆား ကြက်ဥပေါ့။ ပြီးတော့ စစ်ရှောင် အိမ်ခြေတွေ အားလုံးရစေချင်တဲ့အတွက် နောက်ပိုင်းတော့ ဆန်ဆိုဆန်တစ်ခေါက် ဆီဆိုဆီတစ်ခေါက် ကုန်ပစ္စည်းက တစ်မျိုးစီဘဲတင်သွင်းတော့တာပေါ့။” လို့ တဝက်စျေးဆိုင် ရဲ့ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါတဝက်စျေးဆိုင်ကို ယခင်က တပတ်မှာ ၃ ကြိမ်ဖွင့်လှစ်ပြီး ကုန်ပစ္စည်း ၁၄မျိုးခန့်ကို စစ်ရှောင်တွေဆီ တဝက်စျေးနဲ့ ရောင်းချပေးခဲ့တာပါ။ အခုတော့ အခက်အခဲတွေကြောင့် အကန့်အသတ်နဲ့ ရောင်းချနေပေမဲ့ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်စေတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

“တစ်ဝက်စျေးဆိုင်က အကန့်သတ်နဲ့ရောင်းပေးတာပေါ့။ ဥပမာ- တစ်အိမ်ထောင်ကို ဆီတစ်ဘူးဆိုတစ်ဘူးနှုန်းဘဲရောင်းပေးတာပေါ့။ ဒါပေမဲ့လဲ တစ်ဝက်စျေးဘဲ ပေးရတော့ စျေးပိုသက်သာတာပေါ့” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တစ်ဝက်စျေးဆိုင် ဖွင့်လှစ်တာ ၄ဆိုင်ရှိပြီး နယ်လှည့် ရောင်းချပေးတဲ့ စျေးဆိုင် ၄ခု၊ စုစုပေါင်း ၈ ခုရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ