spot_img
14.2 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဖရူဆိုက စစ်ရှောင်စခန်း နှစ်ခုမှာ သက်တမ်းလွန်ဆေးတွေ သုံးစွဲနေရ

ဖရူဆိုက စစ်ရှောင်စခန်း နှစ်ခုမှာ သက်တမ်းလွန်ဆေးတွေ သုံးစွဲနေရ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ဆိုသယ်စစ်ရှောင်စခန်းနဲ့ ဝယ်ဒူလျား စစ်ရှောင်စခန်းတွေမှာ ဆေးဝါးမလုံလောက်တာကြောင့် ရှိနေတဲ့ သက်တမ်းလွန် ဆေးတချို့ကို မှီ၀ဲသောက်သုံးနေရတယ်လို့ ဒေသခံစစ်ရှောင်တွေဆီက သိရပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာရှိနေတဲ့ အားဆေး၊ အကြောအားဆေး ၊ ပိုးသတ်ဆေး နဲ့ တခြားသော သောက်ဆေးတွေအများစုဟာ သက်တမ်းလွန်နေပြီး၊ စစ်ရှောင်တွေဟာ ရွေးချယ်စရာမရှိပဲ အဆိုပါ သက်တမ်းလွန်ဆေးတွေကိုသာ မှီ၀ဲနေရတယ်လို့ စစ်ရှောင် အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

“သောက်ဆေးတွေဆိုလို့ရှိရင် ခြောက်လ ဒိတ်လွန်သွားတဲ့ဟာမျိုးဆိုလို့ရှိရင် တချို့လုံး၀မရှိရင်တော့ သုံးတဲ့ဟာမျိုးရှိတယ်ပေါ့နော၊ ဒါမဲ့ ထိုးဆေးတွေဆိုလို့ရှိရင်တော့ ကျမတို့က တလ နှစ်လ အလွန်ဆုံးပါပဲ ထားထားပြီးတော့မှ လုံး၀မရှိတော့ သုံးတဲ့ဟာမျိုးရှိတယ်၊ သုံးလထက်လွန်သွားရင်တော့ ကျမတို့က မသုံးရဲတော့ဘူးပေါ့နော၊ ပစ်ထုတ်ရတဲ့ဟာမျိုးတို့ သို့မဟုတ်ရင် ဖယ်ထားခဲ့တဲ့ ဟာမျိုးတို့ရှိတယ်ပေါ့နော။” လို့ စစ်ရှောင် အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆေးဝါးသယ်ယူရခက်ခဲသလို စစ်ရှောင်ဦးရေများတာကြောင့် ဆေးဝါးမလုံလောက်မှု အမြဲကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် လက်ရှိ ရာသီတုပ်ကွေးအဖြစ်များတဲ့ အချိန်မှာလည်း ဆေးတွေကို အကန့်အသတ်နဲ့သာ ပေးဝေရတယ်လို့လည်း ဆိုပါတယ်။

အခုလို သက်တမ်းလွန်ဆေးတွေ မှီ၀ဲသုံးစွဲနေရတာကြောင့် သာမာန်ဖျားတာထက် အဖျားပိုကြီးသွားမှာလည်း စိုးရိမ်နေရတယ်လို့လည်း စစ်ရှောင်တဦးက ပြောပါတယ်။

“ဆေးခန်းလာပြပြီဆို ဆေးလိုချင်လို့လာတယ်ဆိုတာ ဆရာမတွေ သိမှာပဲလေး။ အဲ့ဒါ မရှိရှိတဲ့ ဆေးတွေပေးပြီးတော့ ဒိတ်လွန်တဲ့ ဆေးတွေသွားသောက်မိလို့ရှိရင်တော့ ကိုယ်ကလည်း ဖျားနေတဲ့အပြင် ထပ်ပြီးတော့ အပြင်းဖြစ်မှာလည်း ကြောက်ရတယ်ပေါ့” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

အဆိုပါ သက်တမ်းလွန်ဆေးတွေကို သောက်နေရတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ စစ်ရှောင်ဦးရေ ၁၇၄၆ ဦး ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ