spot_img
17 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းမော်ချီးဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေရှိနေ

မော်ချီးဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ဆေးဝါးတွေပြတ်လပ်နေပြီး ဝယ်ယူလို့မရတော့တာကြောင့် အသက်ဆုံးရှုံးသွားရသူတွေရှိနေတယ်လို့ မော်ချီးဒေသမှာ ဆေးခန်းဖွင့်ထားတဲ့ ဆေးဆရာမ တဦးကပြောပါတယ်။

“ဆေးဝါးအခက်ခဲကတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ မှာယူလို့ မရတာတွေရှိတယ်။ အများအားဖြင့် မှာယူလို့ကို မရတော့ဘူး။ ဆေးဝါးတွေပြတ်တယ်။ အရေးနဲ့အကြောင်းဆိုရင် တိုက်နယ်ဆေးရုံလွှတ်ရတယ်။ လွှတ်လို့မရရင် ဖားဆောင်းဆေးရုံလွှတ်ရတယ်။ ဒါပေမဲ့ အဲ့မှာလည်းဆေးတွေမရှိဘူးလို့လည်း ကြားတယ်။ တချို့ကျတော့ ဆေးမရှိတော့လည်း အချိန်မီမကုနိုင်ဘူးပေါ့” လို့ အဆိုပါ ဆေးဆရာမ ဆိုပါတယ်။

အများအားဖြင့် ခဲကျင်း လုပ်ကွက်တွေအတွင်းမှာဖြစ်ပွားတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါတွေမှာ ဆေးရုံကိုအချိန်မီမပို့နိုင်တာတွေကြောင့် လမ်းမှာ အသက်ဆုံးရှုံးတာတွေများတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတဲ့ မော်ချီးဒေသမှာ ကျန်းမာရေး အတွက်ဆေးကုသစရိတ်ကလည်း မြင့်မားနေတယ်လို့ ဆေးဆရာမ တဦးကပြောပါတယ်။

” လှည်းတွန်းတဲ့သူ (ခဲကျင်းတွင်လှည်းတွန်းသူ) ဆို တရက်မှ (၁၅၀၀၀) အများဆုံး (၂၀၀၀၀)လောက်ပဲရတယ်။ ဆေးကုတဲ့တန်ဖိုးကတော့ အနိမ့်ဆုံးကတော့ (၁၀၀၀၀)ပဲ။ အဲ့ထက်လျော့တာတွေတော့မရှိဘူး။ ဆေးထိုး ဘာထိုး အကြောဆေးတွေ ဘာတွေထိုးရင်တော့။ ဆေးသုံးရက်စာနဲ့ ဆေးတချောင်းထိုးမယ်ဆိုရင် အများဆုံးက (၁၅၀၀၀) လောက်တော့ကျပြီးသားပဲ အဲ့လောက်တော့ရှိတယ်” လို့ အဆိုပါ ဆေးဆရာမက ပြောပြပါတယ်။

မော်ချီးဒေသမှာ ကျန်းမာရေးအရ အရေးပေါ်အခြေအနေဖြစ်နေရင် လိုခါးလို တိုက်နယ်ဆေးရုံကို ပို့ဆောင်ရပြီး၊ လိုခါလို တိုက်နယ်ဆေးရုံမှာ မကုသနိုင်ရင်တော့ ဖားဆောင်း ဆေးရုံသို့ပို့ဆောင်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊ ဆရာဝန်/ဆရာမ မလုံလောက်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ဖားဆောင်းမြို့ မော်ချီးဒေသမှာ မသေဆုံးသင့်ပဲ သေဆုံးနေသူ အရေအတွက်ကို စာရင်းအတိအကျ မသိရပေမဲ့ အများကြီးရှိနေတယ်လို့ ဆေးဆရာမ က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ