Homeသတင်း“ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး” (KPPA ) ကို ဖွဲ့စည်း

“ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး” (KPPA ) ကို ဖွဲ့စည်း

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေစုပေါင်းပြီး ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး Karenni Political Prisoner Association (KPPA) ကို ဖွဲ့စည်းကာ တော်လှန်ရေးအင်အားစုများအသီးသီးထံသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို စေလွှတ်ပြီး ပေးအပ်လာတဲ့ အဓိကတာဝန်တွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

“အားလုံးက နိုင်ငံရေး အကျဉ်းသားတွေပဲ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပဲနော်။ ပြီး‌တော့ ဒုတိယ ညီလာခံမှာပဲ ပိုပြီးတော့ အတည်ပြုရှိတာပေါ့နော်။ ဒီကရင်နီ နိုင်ငံရေးအကျဉ်းသားအဖွဲ့ဆိုပြီးတော့ အဲ့တာကို အတည်ပြုပြီးတော့ ဒီအယောက် ၃၀ ကျော်တွေနဲ့ ဖွဲ့စည်းဖြစ်တာပေါ့နော်” လို့ သူမက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အယောက် သုံးဆယ်ပါဝင်တဲ့ ညီလာခံတရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာမှာတွေ့ဆုံပြီး ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးကနေထုတ်ပြန်တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညီလာခံထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြံပေးကောင်စီနှင့် အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“လုပ်ငန်းစဉ်တွေက ပညာရေးပိုင်းရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး ပြီးတော့ စစ်ဘေးရှောင် ကူညီဖို့၊ ပြီးတော့ လူမှုရေး အခန်းကဏ္ဍတွေလည်း အကုန်လုံးဖွဲ့စည်းထားပါတယ်၊ အဓိက ကတော့ အဲ့တာပဲ သွားနေပါတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ အမျိုးသမီးတဦး က ပြောပါတယ်။

KPPA ရဲ့ ၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းစဉ်များအနေနဲ့ လူထုစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား အကူအညီပေးရန်နှင့် တော်လှန်ရေးအင်အားစုများမှ ပေးအပ်လာသော တာဝန်များကိုထမ်းဆောင်ရန် စတဲ့အချက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး Karenni Political Prisoner Association ( KPPA ) အနေနဲ့ အနာဂတ်မှာ နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေကို ဆောက်ရွက်သွားမှာဖြစ်သလို၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အစည်းအရုံးတခုအဖြစ်ရပ်တည်သွားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ