spot_img
12.6 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းစစ်ကောင်စီ တပ်သား ၄ဦး လက်နက်နဲ့အတူ Loikaw Local PDF ထံ ခိုလှုံလာ

စစ်ကောင်စီ တပ်သား ၄ဦး လက်နက်နဲ့အတူ Loikaw Local PDF ထံ ခိုလှုံလာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ – ၄၂၉ တပ်ရင်း က တပ်သား၄ဦးဟာ လက်နက်နဲ့အတူ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ် (Loikaw Local PDF) ထံ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်လာသူ ၄ဦးဟာ အသက် ၃၂ နှစ်အရွယ် တစ်ဦးအပါအဝင် ၂၅နှစ်အရွယ် လူငယ် ၃ဦး ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်မှာ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ Loikaw Local PDF တပ်ရင်း တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“သူတို့တိုက်ပွဲဖြစ်တဲ့နေရာလို့ပဲပြောရမှာပေါ့။ ဒီလွိုင်ကော်မြို့ ကနေပြီးတော့ သူတို့ကင်းယူထားတဲ့ နေရာကနေ ဝင်ရောက်ခိုလှုံလာခဲ့တာပေါ့။”လို့ Loikaw Local PDF တပ်ရင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါတပ်သား ၄ဦးဟာ လက်နက် ၃လက် ၊ ခဲယမ်း ၊ ကျည်ဘောက် နဲ့ မိုင်းတွေကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းကာလတစ်လျှောက်မှာ Loikaw Local PDF တပ်ရင်းထံ ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးရှိတယ်လို့ Loikaw Local PDF တပ်ရင်း တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၇)ရက်နေ့မှာလည်း ဖရူဆိုမြို့အခြေစိုက်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ဦးဟာ လက်နက် နဲ့ အတူ KNDF ထံ ဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အရာခံ ဗိုလ်တစ်ဦးဟာ စစ်မှုထမ်းလုပ်သက် (၄၀) နှစ်ကျော်ရှိပြီဖြစ်ပြီး MA-3 သေနတ် (၁) လက်၊ ဆက်စပ်ပစ္စည်းတွေယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပြီး ခိုလှုံလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ