spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမှာ (၁) နှစ်ခွဲ အရွယ် နွားတွေ ခွာနာ၊ လျှာနာရောဂါ အဖြစ်များနေ၊ တိရိစ္ဆာန်ဆေး ဝယ်ယူရန်ခက်ခဲနေ

ဒီးမော့ဆိုမှာ (၁) နှစ်ခွဲ အရွယ် နွားတွေ ခွာနာ၊ လျှာနာရောဂါ အဖြစ်များနေ၊ တိရိစ္ဆာန်ဆေး ဝယ်ယူရန်ခက်ခဲနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာ ဒေသတွေမှာ ယခု ဖေဖော်ဝါရီလ တတိယအပတ်လောက် စတင်ပြီး (၁) နှစ်ခွဲသား ဝန်းကျင်အရွယ် နွားပေါက်စတွေက ခွာနာ၊ လျှာနာရောဂါ ဖြစ်ပွားမှုတွေများလာကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

“ဆေးမထိုးဘူးဆိုရင် ၁ လ၊ ၂ လလည်း အနာဖြစ်တာ ကြာသွားတယ်၊ ဆေးထိုးပေးလိုက်ရင်တော့ တစ်ပတ်လောက်နေရင် သက်သာလာတယ်၊ အခု နွားတွေ ဖြစ်များနေတာက ခွာနာ၊ လျှာနာ သူများပြောတဲ့ ဟာပေါ့၊ ဆေးတော့ မရှိဘူးပေါ့နော၊ နွားအကြီးတွေက သိပ်မဖြစ်ဘူး၊ ဒီ ၁ နှစ်ခွဲ့အရွယ် တူတူတွေက ဖြစ်များတယ်။”လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုပါတယ်။

ယခုလို ခွာနာ၊ လျှာနာဖြစ်ပွားပြီး သေဆုံးရတဲ့ နွားအကောင်ရေ အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါရောဂါဟာ နေ့အပူချိန်မြင့်လာတဲ့ အချိန်မှာ စတင်ဖြစ်ပွားတာလို့ ဒေသခံတွေပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အတွင်းမှာတော့ တိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ဆေးဆိုင် မရှိသလို လိုချင်တဲ့ တိရိစ္ဆာန်ဆေးတွေမရရှိတာကြောင့် Gentamycin နဲ့ penicillin တို့လို ပိုးသတ်ဆေးတွေ၊ အရောင်ကျဆေး ၊ ကိုက်ခဲပျောက်ဆေး စတဲ့ လူသုံးဆေးတွေကိုသာ အသုံးပြုနေကြတယ်လို ဆေးဆိုင်ရောင်းသူတစ်ဦးက ပြောပါတယ်။

“ဒီမှာက တိရိစ္ဆာန်နဲ့ ပတ်သက်တဲ့ ဆေးတွေက သိပ်မရှိဘူးလေး၊ တိရိစ္ဆာန်ဆေး ဆိုင် တစ်ဆိုင်တော့ ရှိတယ်၊ အခုက သူတိုလိုချင်တဲ့ တိရိစ္ဆာန်ဆေး ခွာနာ၊ လျှာနာအတွက် (Oxy) အောက်ဇီဆေး မရရှိကြဘူး၊ ရှိနေတဲ့ တကယ့် လူသုံးတဲ့ဆေး ဝယ်သုံးပြီး နွားနဲ့ထိုးကြတာပေါ့နော။” လို့ ဆေးဆိုင်ရောင်းသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုနဲ့ ဖရူဆိုမြိုနယ်အတွင်းမှာတော့ တိရိစ္ဆာန်ဆေးဆိုင်နဲ့ တိရိစ္ဆာန် အကြောင်း သိကျွမ်းနားလည် ကုသပေးနေတဲ့ ဆရာဝန်တွေလည်း မရှိသလို၊ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းနဲ့ ကုသရမယ့် နည်းလမ်းတွေကိုလည်း မသိကြဘူးလို့ သူက ဆက်ပြောပါတယ်။

ယခုလို နွေရာသီ အစမှာပဲ တိရိစ္ဆာန်များ ခွာနာ၊ လျှာနာဖြစ်ပွားတာနဲ့ပတ်သက်ပြီး ပိုမို ဆိုးရွားကြုံတွေ့လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ