spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းရှမ်း-ကရင်နီနယ်စပ်မှာ အရည်သွေးနှိမ့်တဲ့ ဘိန်းမည်း တစ်ပိဿာ ပေါက်စျေး ၁၀ သိန်းရှိ

ရှမ်း-ကရင်နီနယ်စပ်မှာ အရည်သွေးနှိမ့်တဲ့ ဘိန်းမည်း တစ်ပိဿာ ပေါက်စျေး ၁၀ သိန်းရှိ

-

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ အရည်သွေးနှိမ့်တဲ့ လက်ရှိ နွေသီး ဘိန်းမည်းဟာ တစ်ပိဿာကို ပေါက်စျေး ၁၀ သိန်းကျပ်အထိ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“နွေဟာက စျေးတော့ကောင်းပါတယ်။ ဒါပေမဲ့ ဆောင်းဟာလောက်တော့ စျေးမမြင့်ဘူး။ အရည်အသွေးက စကားပြောတယ်လေးနော့” လို့ ဒေသခံတစ်ဦး ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ဒေသမှာ စိုက်ပျိုးထားတဲ့ နွေသီး ဘိန်းခင်းတွေကို စိုက်ပျိုးသူတွေက ခြစ်ယူနေကြဆဲဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီထွက် ဘိန်းတွေကတော့ အရည်အသွေးပိုကောင်းတာကြောင့် တစ်ပိဿာစျေး ၁၂ သိန်းထိ ရခဲ့တယ်လို့ ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုများတဲ့ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ထောပတ်၊ လိမ္မော်သီးကို ဘိန်းအစားထိုးစိုက်ပျိုးခဲ့တာတွေရှိခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကတော့ ခြစ်ထားတဲ့ ဘိန်းအစီးတစ်ပိဿာကို ကျပ် ၂ သိန်းစျေးပေါက်ခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဘိန်းစျေးကွက်လည်းပြန်လည် မြင့်တက်လာခဲ့ပြီး တောင်သူတွေလည်း ဘိန်းစိုက်ပျိုးမှုကို ပြန်လည်လုပ်ကိုင်လာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီဖက်မှာက အလွယ်ရတဲ့ နည်းနဲ့ပဲ ပိုက်ဆံလိုချင်ကြတာရောနော့။ ဘိန်းကတော့ အဆင်ပြေတယ်။ သူတို့လုပ်တာနဲ့ ရတဲ့ပိုက်ဆံက ရမြန်တယ်။ ရလွယ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို ဘိန်းကိုပဲ တကျော့ပြန်ပြီး ဦးတည်လာတဲ့ အခြေနေတော့ရှိတာပေါ့” လို့ သူက ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်က စိုက်ပျိုးကြတဲ့ အစားထိုးသီးနှံကို စီးပွားဖြစ်စိုက်ပျိုးတာ မရှိသလောက်ရှားလာပြီး အိမ်စားသုံးဖို့လောက်သာ စိုက်ပျိုးကြတော့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ