spot_img
22.7 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းဖယ်ခုံအရှေ့ဘက်ကမ်း ကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံ တိမ်းရှောင်

ဖယ်ခုံအရှေ့ဘက်ကမ်း ကျန်ရှိနေတဲ့ ဒေသခံတွေ ထပ်မံ တိမ်းရှောင်

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံအင်း အရှေ့ဘက်ကမ်း မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ကျန်ရှိနေသေးတဲ့ ဒေသခံတွေ က ထပ်မံ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကြောင်းတွေ ပိုမိုနီးလာပြီ ဖြစ်တာကြောင့် ထပ်မံတိမ်းရှောင်ကြကြတာပါ။ အဆိုပါတိမ်းရှောင်သူတွေကို တချို့အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ပေးနေတယ်လို့ ဖယ်ခုံ အရှေ့ဘက်ကမ်း ဒေသခံ အမျိုးသား တစ်ဦးက အခုလို ပြောပါတယ်။

“မနေ့က (၉) ရက်နေ့မှာပေါ့နော်။ ထပ်မံတိမ်းရှောင်ခိုင်းတယ်။ ..တချို့လာကြိုပေးတဲ့ အဖွဲ့တော့ ရှိတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦး ပြောပါတယ်။

အခုချိန်မှာ တောင်သူတွေ အတွက် စိုက်ပျိုးရာသီချိန်ဖြစ်တာမို့ ရွေ့ပြောင်းဖို့ အတွက် အခဲအခက် ရှိနေကြပါတယ်။ လယ်ယာဧက များပြီး အရင်းအနီး များစွာကုန်ထားတဲ့ လူတွေတချို့ကတော့ ပြန်လည် ရိတ်သိမ်းရမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျန်နေခဲ့တဲ့ ဒေသခံ တချို့လည်း ရှိတယ်လို့ ဖယ်ခုံ အရှေ့ဘက်ကမ်း ဒေသခံ အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“ကျန်နေခဲ့တဲ့ သူတွေလည်း စိုးရိမ်ကြပေမယ့် ကျမတို့ အရှေ့ဘက်ကမ်းက စစ်ရှောင်ရတဲ့ အချိန်က ပြောင်းတွေ လယ်တွေ စိုက်ပျိုးပြီးခါစ အချိန်ဖြစ်တာမို့ တချို့လယ်တွေ ၊ ခြံတွေ များတဲ့ သူတွေကျတော့ ရင်းနှီးထားရတာ သိန်းရာချီဆိုတော့လေ။ ထားခဲ့ရင်လည်း မလွယ်ဘူး။ ရိတ်သိမ်းဖို့ အထိ မျှော်လင့်ပြီး နေနေကြတဲ့ သူတွေ တချို့လည်း ရှိတယ်။ အခုချိန်က စိုက်ပျိုးပြီး ချိန်ဆိုတော့ လက်ထဲမှာ ငွေမရှိတာက အဓိက ပြသာနာ ဖြစ်တယ်” လို့
ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆောင်ကန်းရှမ်းကျေးရွာဘက်ကို ထမ်မံ စစ်ရှောင်ထိုးလာတာကြောင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ ပုံစံအမျိုးအမျိုးနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ အနေနဲ့သက်ဆိုင်ရာ တွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာစေလိုကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး(၂) ဆရာဗညားက အခုလို ပြောပါတယ်။

“အခုအချိန်လက်ရှိမှာ စစ်ရေးအရလည်း ပိုတင်းမာလာတယ်။ စစ်ကောင်စီတွေကလည်း ပုံစံအမျိုးအမျိုးနဲ့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မလို့ လူထုတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ဌာန၊ တပ်ရင်းတပ်ဖွဲ့ တွေကပေးတဲ့ ညွန်ကြားချက် အတက်နိုင်ဆုံး လိုက်နာစေလိုပါတယ်။ အဲလိုပြောတာကလည်း တော်လှန်ရေးမှာ မဆုံးရှုံးသင့်ပဲ မလိုလားအပ်ပဲ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဆောက်ရှောက်ဖို့ ဖြစ်ပါတယ်” လို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဆရာဗညား ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထွက်လာတဲ့ လမ်းမကြီးတစ်လျှောက်မှာ လက်နက်ကြီး ကျရောက်တာတွေ ရှိပြီး လုံခြုံရေးအတွက် အန္တရာယ်များတယ် လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဖယ်ခုံ အရှေ့ဘက်ကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့တို့ က ဆောင်နန်းခဲ ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာသလို မိုးဗြဲမြို့ပေါ်ကနေတဆင့် ဆောင်ကန်းရှမ်းဘက်ကိုလည်း ထပ်မံ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေဟာ အခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ