spot_img
14.5 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းဖယ်ခုံအရှေ့ဘက်ကမ်းမှာ ဒေသခံ တစ်ချို့ ပိတ်မိနေ

ဖယ်ခုံအရှေ့ဘက်ကမ်းမှာ ဒေသခံ တစ်ချို့ ပိတ်မိနေ

-

ကန္တရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နဲ့ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီး တစ်လျှောက်လုံးကို စစ်ကောင်စီထိန်းချုပ်ထားလိုက်ပြီဖြစ်တာကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာဒေသခံတွေဟာ တိုက်ပွဲရှောင်တိမ်းနိုင်တဲ့ လမ်းတွေမရှိတော့ပဲ ပိတ်မိနေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ယမန်နေ ဇူလှိုင်လ (၁၀) ရက်နေ့ ညနေပိုင်းက စပြီး ထွက်လမ်းတွေပိတ်သွားတာကြောင့် ထွက်လို့ မရတော့ဘူးလို့ ကျေးရွာမှာကျန်ရှိနေခဲ့တဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ထွက်လို့ မရတော့ဘူး။ အခုက လမ်းက ပိတ်သွားပြီ ။ မနေ့ညက စပြီးတော့ သူတို့ လမ်းပိတ်သွားပြီဆိုတော့ ထွက်လို့ မရတော့ဘူး” လို့ အဆိုပါ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လမ်းမပိတ်ခင် အချိန်တွင်း မှာ ကယ်ဆယ်ရေးအဖွဲ့တွင် သွားရောက်ကယ်ထုတ်ပေးခဲ့တာခဲ့ပေမယ့် မထွက်ခွာနိုင်သူဒေသခံတွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။

“မနေ့ကတော့ ကယ်ဆယ်ရေး တချို့သွားကြတယ်။ သွားတဲ့ တချို့လည်း ပိတ်မိပြီး ကျန်နေခဲ့တာရှိတယ်။ ဒီနေ့တော့ လုံးဝ မရတော့ဘူး။ လမ်းက လုံးဝပိတ်သွားပြီ” လို့ ကယ်ဆယ်ရေး ပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။

ကယ်ဆယ်ရေးတွေနဲ့ အတူ လွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးမှာတော့ ထွက်လာတဲ့ လမ်းခရီး တစ်လျှောက်မှာ လက်နက်ကြီး ပစ်ခတ်ခံရတာရှိပြီး အန္တာရာယ်များသလို ကျန်နေသေးတဲ့ ဒေသခံတွင်မှာလည်း ထွက်လာဖို့ အတွက် ကား၊ ဆိုင်ကယ် မရှိကြတာများတယ်လို့ ဆိုပါတယ်။

“ထွက်လာတုန်းကတော့ တော်တော်လေးကို ခက်ခဲတယ်။ ကား ၊ ဆိုင်ကယ်ရှိသူတွေကတော့ ကိုယ်တိုင် ထွက်နိုင်ပေမယ့် မရှိတဲ့ သူတွေကျတော့ ကယ်ဆယ်ရေး ကားတွေကို စောင့် ဆိုင်း ပြီး ထွက်လာရတယ်”လို့ အဆိုပါ ကယ်ဆယ်ရေးပြုလုပ်နေသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေ မိုးဗြဲ ၊လွိုင်ကော် လမ်းမကြီးကို ထိန်းချုပ်ထားသလို ဖယ်ခုံအရှေ့ဘက်ကမ်းမှာလည်း စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်တို့ရဲ့ ထိုးစစ်တွေဟာ ဆောင်နန်းခဲ ကျေးရွာအတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဖယ်ခုံ အရှေ့ဘက်ကမ်းမှာ ကျန်ရစ်နေတဲ့ ပိတ်မိနေသူအရေအတွက်ကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ