ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းသုံးပြီး ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၆ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာ မြေပြင်ကိုရောက်ရှိခဲ့တဲ့ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ (၁၄) ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ ဗုံး ၂လုံးလာကြဲသွားခဲ့တာလို့ ဆိုပါတယ်။
“တလုံးက လမ်းပေါ်မှာ ကျတယ်။ တလုံးက ရပ်ကွက်ထဲကျတယ်။ အဲ့မှာက လူနေမှုထူထပ်တယ်၊ လူများတယ်ပေါ့။ အခု အတည်ပြုတာက သေဆုံးတာက ၆ယောက်လို့ ပြောတယ်။”လို့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
သေဆုံးသူတွေထဲ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး (၅) ဦးဖြစ်ကြောင်း ကနဦး သိရှိရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သူတွေလည်းရှိပါတယ်။
ဒါ့အပြင် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
လက်ရှိလေကြောင်းတိုက်ခိုက်မှုဟာ တစ်ကြိမ်တည်းကို ဗုံး နှစ်လုံးလာကြဲသွားတာဖြစ်တယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“အခုထိကြောက်နေတုန်းပဲ ဗုံးခိုကျင်းထဲ ဝင်လိုက် ပြန်ထွက်လိုက်နဲ့ပဲ။ တောင်ပေါ်အတက် စက်ဆရာအကွေ့လမ်းမှာ တလုံးကျတယ်။ ရတနာအောင်မြေရပ်ကွက်နား တစ်လုံးကျတယ်။ လေယာဉ်ကြဲတာကတော့ တစ်ကြိမ်ပဲ ဒါပေမယ့် နှစ်လုံးကျတယ်။ အခုကြဲသွားတဲ့နေရာက လူများတယ်။ ထိခိုက်မှုတော့ များတယ်လို့တော့ သိရတယ်။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်း တစုံတရာမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီတွေဟာ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ကာ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာလည်း မော်ချီးဒေသက လိုလော်ထီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး မိသားစုအလိုက် ပြည်သူ (၅) ဦး ထိခိုက်သေဆုံးခဲ့တာပါ။
လက်ရှိ အကြိမ် အပါအဝင် မော်ချီးဒေသကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု လုပ်တာဟာ (၈) ကြိမ်မြောက်ဖြစ်ပြီး ဇူလိုင်လ နှစ်ပတ် အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။




