ကန္တာရဝတီတိုင်း(မ်)
၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ မွေးမြူရေးနဲ့ ကုသရေး ဌာနခွဲ အနေနဲ့ ပြည်သူ လူထုတွေ တစ်နိုင် တစ်ပိုင် မွေးမြူထားတဲ့ တိုင်းရင်း ကြက်အကောင်ရေ ၅၀၀၀ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့တယ်လို့ ဩဂုတ်လ ၆ရက်နေ့က ထုတ်ပြန်တဲ့ ပထမ (၆) လပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုတွေကိုလည်း မွေးမြူရေး ဆိုင်ရာ အသိပညာ/ နည်းပညာတွေကို မျှဝေပေးတာ၊ မွေးမြူရေး လုပ်သားတွေကို မွေးထုတ်ပေးတာတွေလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကျေးရွာ ဘယ်နှစ်ရွာကို မွေးမြူရေး ဆိုင်ရာ အသိပညာ/နည်းပညာတွေ မျှဝေပေးနိုင်ခဲ့ပြီးတော့ မွေးမြူရေး လုပ်သား ဘယ်နှစ်ဦးကို မွေးထုတ်ပေးနိုင်တယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်က ကြက်မွေးမြူသူ ဒေသခံတစ်ဦးက IEC အနေနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာသာ ကာကွယ်ကုသမှုတွေ ပေးနေပြီး ဒီးမော့ဆို အရှေ့ဘက် ခြမ်းကို လာရောက်ကုသပေးတာတွေ မရှိသေးတာကြောင့် ဒေသခံတွေ မွေးမြူထားတဲ့ ကြက်တွေ ဆက်လက်ပြီးတော့ သေဆုံးနေဆဲပဲ ဖြစ်တယ်လို့ အခု လို ပြောဆိုပါတယ်။
“IEC က ကြက်နာ ကာကွယ်ဆေး လိုက်ထိုးပေးနေတယ်ပြောတော့ IEC က မွေးမြူရေး ဆရာမ တစ်ယောက်ကို ကျနော် မေးကြည့်တော့ ဒီးမော့ဆို အရှေ့ခြမ်းတော့ မရောက်ဘူးသိရတယ်။ ဒီးမော့ဆို အနောက်ခြမ်းမှာပဲ လုပ်ရှားနေသေးတယ်ပြောတယ်ပေါ့နော်။ ဒီဘက်ထိတော့ ရောက်မလာသေးဘူး ။ ကြက်တွေ ဆိုရင် အရင်တလောထိ ၊ အခုလည်း သေနေသေးတယ်။ နည်းတော့ နည်းလာပြီ။ တစ်ကောင်စ နှစ်ကောင်စ သေနေတာတွေ ရှိသေးတယ်။ အရင်နွေရာသီကလို အစုလိုက် အပြုံ လိုက်သေတာမျိုးတော့ နည်းသွားပြီ။အခုထိတော့ ကြက်တွေက သေနေသေးတယ်။ ကျနော့် ကြက်ကြံမှာလည်း သေနေတာတွေ ရှိသေးတယ်”လို့ ကြက်မွေးမြူသူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်မှာတော့ ဒေသခံနဲ့ စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင် မွေးမြူထားကြတဲ့ ကြက်တွေအပြင် ၊ ဝက်တွေမှာလည်း နှစ်စဉ်နှစ်တိုင်း သေဆုံးမှုတွေရှိနေပြီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။