spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းအရေးပေါ်ရွေ့ပြောင်းရတဲ့ စစ်ရှောင်အိမ်ခြေ ၅၀၀ အတွက် မိုးကာအရေးပေါ် လိုအပ်

အရေးပေါ်ရွေ့ပြောင်းရတဲ့ စစ်ရှောင်အိမ်ခြေ ၅၀၀ အတွက် မိုးကာအရေးပေါ် လိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက လှုပ်ရှားနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် ထပ်ဆင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်အိမ်ခြေ ၅၀၀ အတွက် လက်ရှိမှာ နေရာထိုင်ခင်းအတွက် တဲအိမ် အမိုးဖြစ်တဲ့ မိုးကာ (တာလပတ်) အရေးပေါ် လိုအပ်နေကြတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။

“စစ်ကြောင်းတွေက ပိုပြီးထပ်ထိုးလာတာမျိုးတွေ ရှိတယ်။ အားလုံးလဲ သိပြီးသား ဖြစ်မှာပါ။ ဒီ တိုက်ပွဲနဲ့ နီးစပ်တဲ့ နေရာက ပြည်သူလူထုတွေက ထပ်ပြီး ထွက်ပြေးတိမ်းရှောင်ရတယ်။ လူဦးရေက သောင်းဂဏန်း၊ အိမ်ခြေက ထောင်ဂဏန်း က တိမ်းရှောင်ရတယ်။ အခက်အခဲ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် အရေးကြီးဆုံးက အမိုးအောက်မှာ နေရဖို့ပဲ။ စားနပ်ရိက္ခာက နောက်တပိုင်းလာမယ်။ လောလောဆယ်တော့ အမိုးက အရမ်းအရေးကြီးတယ်။ သူတို့ တဲအိမ် အမိုး မိုးဖို့ကို မရှိတာ။” လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန ဒု-ဌာနမှူး မော်ရီးရီ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် လ (၄) ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဟာ အနီးအနားမှာရှိတဲ့ ဒေါငံခါးနဲ့ ကုန်းသာ ကျေးရွာဘက်ကို လက်နက်ကြီးတွေ ဒရုန်းတွေ နဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်မှုတွေ ရှိနေတာကြောင့် နေရပ်ပြန်လည်နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေ ထပ်မံတိမ်းရှောင်နေကြရပါတယ်။

မိုးကာ တထည်ကို ဒေါ်လာ ၂၀ ကျသင့်ပြီး အဝေးရောက် ကရင်နီလူထုတွေဆီက တစ်ဦးကို ဒေါ်လာ ၂၀ ထောက်ပံ့ပေးဖို့ တောင်းဆိုလိုတယ်လို့ မော်ရီးရီ က အကူအညီ တောင်းဆိုထားပါတယ်။

“လူတိုင်းပေးရမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ လူဦးရေ ၅၀၀ ဆီကနေ လိုအပ်တာပါ။ စစ်ရှောင်နေရတဲ့ မိဘပြည်သူတွေကို ကူညီဖို့ စိတ်အားထက်သန်တဲ့ လူဦးရေ ၅၀၀ ကို လိုအပ်တာပါ။ တစ်ဦးကို ဒေါ်လာ ၂၀ ပဲ ထည့်ပေးရင် စစ်ရှောင်အိမ်ခြေ ၅၀၀ ကို အရိပ်ပေးနိုင်ပြီ။ အများကြီး လိုအပ်တယ်လေ။ ဒါပေမယ့် ဒီ ၅၀၀ က လုံးဝကို အရေးကြီး လိုအပ်နေတာ ဖြစ်တယ်။ သူတို့နေဖို့ကို ဆောက်ပေးဖို့ လိုအပ်နေပြီ။ ဘာလို့ဆို မိုးရာသီဖြစ်တော့ သူတို့ အရိပ်မရရင် ဖျားနာတွေက အများကြီး ဖြစ်လာတော့မယ်။ အခုလဲ ဖျားနာနေကြတဲ့ ကလေးတွေ သက်ကြီးတွေ အများကြီး ရှိတယ်။ ဒါကြောင့် မေတ္တာနဲ့ ကြိုးစားပြီး ပံ့ပိုးပေးဖို့။ မိုးရာသီ ဖြစ်တာကြောင့် အချိန်အကြာကြီး ဆွဲလို့လည်း မရဘူး” လို့ မော်ရီးရီ က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံ အရှေ့ဘက်ကမ်းဒေသခံတွေနဲ့ နန်းမယ်ခုံ ဒေသခံတွေ အပါအဝင် လူဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာနေရာကို ရွေ့ပြောင်းတိမ်းရှောင်နေကြရတဲ့အကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာ ဗညားက ပြီးခဲ့တဲ့ ဇူလှိုင်လ (၃၀) ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ (၈) ရက်နေ့မှာလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်း ပါဒေါဒူ ကျေးရွာအတွင်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခြင်းကြောင့် အရပ်သား (၂) ဦး သေဆုံး ခဲ့ရပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ကမ်း လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်တွေ အပါအဝင် စစ်ကြောင်းနဲ့ နီးတဲ့ ကျေးရွာတချို့က ဒေသခံတွေဟာလဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းရောက်ရှိလာတာကြောင့် သောင်းနဲ့ ချီတဲ့ လူဦးရေတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ရှိသလို စစ်ကြောင်းရောက်နိုင်ခြေ ရှိတဲ့ နေရာနဲ့ နီးစပ်တဲ့ ဒေသခံတွေဟာလည်း ကြိုတင်တိမ်းရှောင်နေရတာကြောင့် စစ်ရှောင်နေရတဲ့ လူဦးရေစာရင်းအတိအကျကိုတော့ မဖော်ပြနိုင်သေးဘူးလို့ မော်ရီးရီ က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ