ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်အတွင်းက အိမ်ထောင်စု (၁) ထောင်ကျော်အတွက် အရေးပေါ် အမိုးအကာများ လိုအပ်နေတယ်လို့ ကယားလီဖု လူငယ်က ဒီကနေ့ ဩဂုတ် လ (၁၁) ရက်နေ့မှာ တောင်းဆိုထားပါတယ်။
အဆိုပါ စစ်ရှောင်တွေ အများစုဟာ ဖယ်ခုံအရှေ့ခြမ်း၊ မိုးဗြဲ နဲ့ လွိုင်ကော်အနောက်ဘက်ခြမ်း(နိုးကိုးတကြော) ကနေ တိမ်းရှောင်လာကြတဲ့စစ်ရှောင်တွေဖြစ်ပြီး အရေးပေါ် အမိုးအကာအပြင် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကယားလီဖု လူငယ်တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“အဓိကအားဖြင့် ဖယ်ခုံအရှေ့ခြမ်း၊မိုးဗြဲ၊ လွိုင်ကော်အနောက် (နိုးကိုးတကြော) ကနေ ရှောင်လာတဲ့စစ်ရှောင်တွေဖြစ်တယ်။ အခု စစ်ကြောင်းထိုးလာပြီး နယ််ခံတွေလည်းထပ်ပြေးရတာတွေရှိတယ် ။ ဖရူဆိုဖက်မှာလည်း အရေးပေါ်ဆိုပြီး တောင်းဆိုလာတာရှိတယ် ။ အဓိက အမိုးအကာ နဲ့ စားနပ်ရိက္ခာပေါ့နော်။ လောလောဆယ်က ကယားလီဖုအနေနဲ့ အိမ်ထောင်စု (၃၂၀) အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာက ထပ်မံကူညီဆောင်ရွက်နိုင်ဖို့ အလှူရှင်တွေကို ထပ်မံတောင်းဆိုရမှာဖြစ်တယ်ပေါ့နော်” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ အိမ်ထောင်စု ၃ ရာ ကျော်အတွက် ကယာလီဖု က ကူညီဆောင်ရွက်ပေးနေတာ ရှိပြီး အကူအညီတွေ ထပ်မံ လိုအပ်နေသေးတာကြောင့် အလှူတွေအနေနဲ့ ထပ်မံ ကူညီပေးကြဖို့ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းရောက်ရှိလာတာကြောင့် သောင်းနဲ့ ချီတဲ့ လူဦးရေတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာရှိသလို စစ်ကြောင်းရောက်နိုင်ခြေရှိတဲ့နေရာနဲ့ နီးစပ်တဲ့ ဒေသခံတွေဟာလည်း ကြိုတင်တိမ်းရှောင်နေရတာကြောင့် အခုလိုအရေးပေါ် အမိုးအကာတွေအပြင် စားနပ်ရိက္ခာတွေ လည်း လိုအပ်နေကြတာ ဖြစ်ပါတယ်။




