ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်စခန်းတစ်ခုဆီ သွားရောက်ခိုလှုံနေတဲ့ နန်းမယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် မိုးကာနဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေသိရပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ အနီးနားက နန်းမယ်ခုံမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လာတာကြောင့် ဒေသခံတွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
“စစ်ရှောင်က အခုလောလောဆယ် မိုးကာလဲလိုမယ်၊ စားနပ်ရိက္ခာလဲလိုတာပေါ့နော်။ ပြေးလာရတာ တစ်ဆင့်ပြီး တစ်ဆင့်ဆိုတော့လေ စားနပ်ရိက္ခာလဲလိုတယ်၊ မိုးကာလဲလိုတယ်။ ရေနဲ့ဝေးတော့ မိုးဖို့လဲလိုတယ်။ ရေလှောင်ဖို့လဲလိုတယ်။” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောပါတယ်။
မိုးကာ မရှိတာကြောင့် တဲအိမ်တစ်လုံးကို မိသားစု သုံးစုထိ စုပေါင်းနေထိုင်ကြရတာလည်းရှိပါတယ်။
မိုးကြီးကြီးမားမား မရွာရင် အဆင်ပြေပေမယ့်၊ မိုးကြီးလေပြင်းတိုက်ရင် တဲလှန်တာတွေဖြစ်ပြီး အခက်ခဲရှိတယ်လို့ စစ်ရှောင်အမျိုးသား တစ်ဦးကပြောပါတယ်။
“မိုးတအားမရွာဘူး၊ လေလည်းမသန်ဘူးဆိုရင် နေလို့ ရသေးတာပေါ့။ မိုးအားကြီးလေအားကြီးရင် ခိုင်ခံ့မှုမရှိ ဘူးပေါ့။ ဖြစ်သလိုပဲလုပ်ထားရတယ်ကော” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။
အဆိုပါစစ်ရှောင်စခန်းမှာ ခိုလှုံရောက်ရှိလာတဲ့ နန်းမယ်ခုံစစ်ရှောင်အိမ်ခြေ (၁၀၀)ဝန်းကျင် ခန့်ရှိတယ်လို့သိရပြီး နမ်းစံခန်း ၊ဖောင်းတော၊ ကပ်ပယ်ခူ၊ ဒေါပေါကလဲ၊ ထေးငှားလျား နဲ့ နန်းမယ်ခုံ စတဲ့ ကျေးရွာက လူထုတွေပါဝင်တယ်လို့သိရပါတယ်။