ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင်က ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေ အလုံးစုံ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်နဲ့ ရှားတော(ဆိုမိုဖေစိုးလေး) မြို့နယ် အပါအဝင် မြို့နယ် ၇ ခုကို လာမဲ့ ဒီဇင်ဘာလရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေကို မနေ့က သြဂုတ်လ ၁၅ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ မယ်စဲ့မြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှားတော မြို့နယ် တို့ကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အဖြစ် ရွေးကောက်တင်မြှောက်ရမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ အသီးသီး ကြေညာထားပြီး ရှားတော မြို့နယ်နဲ့ မယ်စဲ့မြို့နယ်ကိုတော့ အမျိုးသားလွှတ်တော် မဲအများဆုံး အနိုင်ယူစနစ်အဖြစ် တစ်ဦးကို ရွေးချယ်သွားမှာဖြစ်တယ်လို့ ကြေထားပါတယ်။
အခုလို တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေကိုပါ မဲဆန္ဒနယ်အဖြစ်ကြေညာလိုက်တဲ့ စစ်ကော်မရှင်ကျင်းပမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာကိုယ်စားပြုမှုအပြင် အခြား တိုင်း၊ ဒေသက လူထုတွေကို လှည့်ဖျားလိုတဲ့ နည်းဗျူဟာတစ်ခုဖြစ်နိုင်တယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“စစ်ကောင်စီတပ်တို့မရှိတော့တဲ့ ရှားတောတို့ မယ်စဲ့တို့မျိုးကို နာမည်ထည့်တာလည်း ပိုပြီးတော့မှ အံ့သြဖို့ကောင်းတယ်။ ဖားဆောင်းကစ ပေါ့။ ဖားဆောင်းမှာလည်း သူ့စခန်းတစ်ခုပဲ ရှိတယ်။ အဓိကကတော့ သူတို့ နိုင်ငံတကာကိုလှည့်ဖျားချင်တယ်ပေါ့နော။ အားလုံးလုပ်နိုင်တယ်ဆိုတဲ့ဟာပေါ့” လို့ ဦးဗညားက ပြောပါတယ်။
သူတို့ထိန်းချုပ်နယ်မြေမှာရောက်နေတဲ့ ကရင်နီလူထုတွေကို ရွေးကောက်ပွဲအတွက် မြို့နယ်အသီးသီးတိုင်းက မြို့နယ်ကိုယ်စားပြု အမည်ခံတွေအနေနဲ့ အတင်းအကြပ် မဲ ထည့်စေနိုင်တယ်လို့လည်း IEC အတွင်းရေးမှူး ၂ ဦးဗညားက ဆက်ပြောပါတယ်။
စစ်ကော်မရှင်က ကြေညာထားတဲ့ ကရင်နီပြည်တွင်းရှိ မဲဆန္ဒနယ်တစ်ခုချင်းကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်မှာ စုစုပေါင်း ခြောက်ဦး၊ ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း ခုနှစ်ဦး ရွေးကောက်တင်မြောက်ရမှာဖြစ်တယ်လို့လည်း တစ်ပါတည်းပါရှိပါတယ်။
စစ်ကော်မရှင်ကျင်းပမဲ့ ရွေးကောက်ပွဲက ၂၀၁၀ အထွေထွေရွေးကောက်ပွဲထက်ဆိုးတာကြောင့် လူထုတွေအနေနဲ့ သတိထားသင့်တယ်လို့ ကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေထဲက ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) က ပြောပါတယ်။
“၂၀၀၈ ခြေဥအောက်က သွားနေသ၍ ဒီမိုကရေစီစနစ် အစစ်အမှန်မရနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်ကိုဘဲ မူတည်တာမဟုတ်ဘဲ လူတစ်စုအပေါ်မူတည်တာကြောင့် စနစ်အပြောင်းအလဲလိုချင်သူများအနေနဲ လက်လျော့ဖို့မစဥ်းစားစေချင်ဘူး ညီညွတ်ဖို့ကလဲ အရေးကြီးတယ်” လို့ (KSDP) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွေက လွတ်လပ်စွာ စည်းရုံးခွင့်တွေ လူထုရဲ့ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုတွေ အများကြီး ရှိကြောင်းကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြခဲ့ကြတာပါ။
စစ်ကော်မရှင်က ရွေးကောက်ပွဲကော်မရှင်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတည်းက ပါတီတည်ထောင်ခွင့်ပေးလိုက်တဲ့ ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ကတော့ လာမဲ့ ဒီဇင်ဘာလ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ချေ ရှိနေပါတယ်။
စစ်ကော်မရှင်က အီလက်ထရွန်နစ်မဲပေးစက် (Electronic Voting Machine) နဲ့ မဲပေးစေမှာဖြစ် တစ်လအတွင်း ရွေးကောက်ပွဲကိုပြီးစီးအောင်ကျင်းပသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဖို့ မတ်လ ၂၅ ရက်နေ့တုန်းက ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အမျိုးသားလွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ်ကို ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် PR စနစ်ကို ပေါင်းစပ်ကျင့်သုံး နိုင်ဖို့ လျာထားတယ်လို့ စစ်ကော်မရှင်က ဆိုထားပါတယ်။