ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတစ်ရွာမှာ သာမန်လူလို မျက်စိပွင့်နေပေမဲ့ မွေးရာပါအမြင်အာရုံချို့ယွင်းနေတဲ့ ကလေးငယ် တစ်ဦးအတွက် ဆေးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ကလေးနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဲ့ကလေးမိဘ အနေနဲ့က ကုလို့ ရတယ်ဆိုရင်တော့ ဆေးဖို့ဝါးခ စာရိတ်တို့ လမ်းစာရိတ်တို့ အဲ့လိုမျိုးပေါ့။ အခုလည်း သူတို့ ကို (ဆေးရုံကို) လွဲသွားတာရှိတယ်လို့လည်း သူတို့ပြောတယ်။ မိဘနှစ်ပါးစလုံးလည်းပြောတယ်။ ဒါပေမဲ့ လမ်းခရီးအဆင်မပြေတာရယ် ငွေကြေးအဆင်မပြေတာရယ်ကြောင့် မသွားဖြစ်ဘူးတဲ့။“ လို့ ကလေးနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
အဆိုပါကလေးငယ်ရဲ့ မိဘတွေဟာ စစ်ရှောင်နေကြရတာဖြစ်ပြီး အသက် ၁နှစ် နဲ့ ၈ လရှိပြီဖြစ်တဲ့ အဆိုပါ ကလေးအတွက် အဟာရဖြည့်စွက်စာအတွက်လည်း အကူအညီလိုအပ်ကြောင်း ကလေးနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက အခုလိုဆက်ပြောပါတယ်။
“အခုဟာ အဟာရပိုင်းမှာလည်း ချို့တဲ့တယ်။ ဘာဖြစ်လဲဆို ကလေးက ၁ နှစ်နဲ့ ၈ လရှိပြီလေ။ သွားသင့်ပြီလေ။ ဒါပေမဲ့ လမ်းလည်းမလျှောက်ဘူး။ ပြီးတော့ မျက်စိလည်း ပုံမှန်လိုလူမျိုးပဲ ဒါပေမဲ့သူမမြင်ရဘူးပေါ့နော်။ ကြားတာတော့ကြားရတယ်။ ဒါပေမဲ့ မျက်စီက ပွင့်ပေမဲ့လည်း မမြင်ရဘူးပေါ့နော် အဲ့လိုမျိုးဖြစ်နေတာ။ “လို့ သူက ဆိုပါတယ်။
အသက် ၁ နှစ်နဲ့ ၈လ ရှိနေပြီဖြစ်ပေမယ့် လမ်းမလျှောက်နိုင်သေးသလို ထမင်းစား၊ ရေသောက်တာကအစ ခွံ့ကျွေးနေရသေးတယ်လို့ ဆိုပါတယ်။
မွေးဖွားပြီး ကလေး ကျန်းမာရေးအခြေအနေအရ ဆေးဝါးကုသဖို့ လိုအပ်နေကြောင်း ဆရာဝန်ကနေ ညွန်ကြားခဲ့ပေမဲ့ မိသားစုတွေရဲ့ ငွေကြေးအခက်ခဲကြောင့် လက်ရှိအချိန်ထိ ဆေးဝါးကုသမှု မလုပ်ခဲ့ရဘူးလို့ သိရပါတယ်။