ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း တစ်နေရာမှာ ကျေးရွာလေးရွာက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ စုပေါင်းပြီး အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို လက်နက်ကြီးသံ၊ လေယာဉ်သံ ကြားကနေ ဒီကနေ့ စက်တင်ဘာလ (၃) ရက်နေ့မှာ အကျဥ်းချုံး ပြုလုပ်ခဲ့ပါတယ်။
“ကြောက်ရတာနဲ့ ပြေးလွှားရတာနဲ့ နောက် ကိုယ့်ရိုးရာ မပပျောက်အောင် ကြိုးစားပြီးလုပ်ရတာပေါ့။ ရိုးရာတော့လုပ်တယ် “က” တာတို့တော့ မလုပ်တော့ဘူး။ အခြေနေကတော့ ဆိုးတယ် သိတယ်။ ကျနော်တို့ ရအောင်လုပ်တာပဲ။ ဒါပေမဲ့ ဟိုး အရင်ကလို အကတို့ အတီးအမှုတ်တို့ သိပ်မလှုပ်ရှားနိုင်တော့ဘူးပေါ့” လို့ ပွဲစီစဥ်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒိုပေါ် မီ (ခေါ်) ဒီးကူပွဲကို အာဏာမသိမ်းခင်ကလို စည်စည်ကားကား မကျင်းပနိုင်တော့ဘဲ ရိုးရာကြက်ရိုးထိုးတာနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း လှည့်လည် ကြတာတွေကိုပဲ ပြုလုပ်နိုင်တော့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို အခက်အခဲတွေရှိနေပေမယ့်လည်း ရိုးရာပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
“ အဘိုးအဘွား ပေးလာတဲ့ အမွေကို ကရုစိုက်ရမယ်” လို့ ပွဲစီစဥ်သူတစ်ဦးက ဆက်ပြောပါတယ်။
ဒီးကူပွဲ ပြုလုပ်နေစဥ် လေယာဥ်ဝဲတာ၊ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့အတွက် လူထုတွေဟာ စိုးရိမ်ပူပန်မှု ရှိခဲ့ကြပါတယ်။
အဲ့ဒိုပေါ်မီပွဲတော်ကို ရှေးယခင်ဘိုးဘွားတွေရဲ့အစဉ်အလာမပြတ် ကျင်းပလာကြတဲ့ အမွေအနှစ်ကို ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ ကျေးရွာထဲက မကောင်းတဲ့ အရာတွေကို နှင်ထုတ်တယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ နှစ်စဥ်နှစ်တိုင်း ကျင်းပကြတယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။
ရိုးရာပွဲတော်ကြီးတခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို နှစ်စဉ် ဩဂုတ်လကစပြီး အောက်တိုဘာလအထိ ကျေးရွာအလိုက် ခမ်းနားစွာ ကျင်းပလာခဲ့ကြတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေအရ ခမ်းနားစွာ မကျင်းပနိုင်တော့ပေမယ့် ရိုးရာမပပျောက်အောင် အကျဉ်းချုံးသာ ကျင်းပခဲ့ကြပါတယ်။