spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအောက်တိုဘာ ၁ ရက်နေ့ကစပြီး မြန်မာဒုက္ခသည်တွေ ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရမည်

အောက်တိုဘာ ၁ ရက်နေ့ကစပြီး မြန်မာဒုက္ခသည်တွေ ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရမည်

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းနိုင်ငံအတွင်း နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ တရားဝင်အလုပ်လုပ်ခွင့်ပေးတော့မှာဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က မူအားဖြင့် အတည်ပြုထားတယ်လို့ အလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က ပြောကြားတာကို ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

အလုပ်လုပ်ကိုင်ခွင့် မူကို ထိုင်းအစိုးရအဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့မှာ သဘောတူခဲ့ကြတာဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချဘူရီ၊ ရတ်ချဘူရီ စတဲ့ ခရိုင်လေးခု ရဲ့ အပြင်ဖက်ကို အလုပ်ထွက်လုပ်ရမှာဖြစ်တာကြောင့် အဲ့ဒီ ခရိုင်တွေကနေ ထွက်ခွာခွင့်တောင်းခံရမှာဖြစ်ပြီး ပြည်နယ်ကျန်းမာရေးရုံးကနေ ကျန်းမာရေး အာမခံချက်လက်မှတ်တွေကို ရယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရရဲ့ အတည်ပြု‌ပြောဆိုချက်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဥ်တွေကို နယ်မြေအာဏာပိုင်တွေက မြေပြင်မှာ လာရောက်ရှင်းပြပေးဖို့ ဒုက္ခသည်ကော်မတီဝင်တွေက မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

“အခု အာဏာပိုင်တွေက ကျနော်တို့ကို ဘာမှ လာမပြောပြဘူးပေါ့နော။ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို ဘာမှမပြောဘူးဗျ။ ကျနော်တို့ဘာမှမသိရသေးဘူး။ အဲဒီအတွက်ကို ကျနော်တို့ စောင့်တုန်းပဲဆိုတော့ ဘယ်လိုလာမလဲ ဆိုတော့ အာဏာပိုင်နဲ့ ချဥ်းကပ်နိုင်ဖို့လည်း လက်ရှိကျနော်တို့ ကြိုးစားနေတယ်။ သူတို့က ကျနော်တို့ကို တစ်ခုခုများ ရှင်းပြ ပြောပြပြီးတော့ ချပြနိုင်မလားပေါ့နော” လို့ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းရဲ့ ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

သြဂုတ်လ ကတည်းက စခန်းအတွင်း အလုပ်လုပ်နိုင်တဲ့ ဒုက္ခသည်ဦးရေကို စခန်းကော်မတီတွေဆီကနေတစ်ဆင့် ထိုင်းအစိုးရက စာရင်းယူခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အကြောင်းမထူးသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အလုပ်လုပ်ကိုင်မယ့် မြန်မာ့ဒုက္ခသည်တွေရဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဖြေလျော့စေဖို့အတွက် အလုပ်ပါမစ်ကြေးကို လျှော့ပေါ့ပေးဖို့ ထိုင်းအစိုးရအဖွဲ့က သဘောတူညီထားခဲ့ကြတယ်လို့လည်း ထိုင်းအခြေစိုက် Thai PBS world သတင်းအရ သိရပါတယ်။

ကမ္ဘောဒီးယားရွေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ကုန်တာကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု လျော့ပါး သက်သာစေရေးအတွက် မြန်မာ ဒုက္ခသည် ၄၂၀၀၀ ကိုခေါ်ယူသွားမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ကြေငြာထားခဲ့တာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ