spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းUEC က ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မဲဆန္ဒနယ်ကို ကြေညာရာ ကရင်နီပြည်က သုံးမြို့နယ်ပါဝင်

UEC က ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မဲဆန္ဒနယ်ကို ကြေညာရာ ကရင်နီပြည်က သုံးမြို့နယ်ပါဝင်

-

ကန္တာရဝတီတိုင်း (မ်)

လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့မယ့် တိုင်း၊ ဒေသတွေကို စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေညာလိုက်ပြီး အဲ့ဒီထဲမှာ ကရင်နီပြည်တွင်းက မြို့နယ်သုံးခု ပါဝင်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေနေမရှိတဲ့ မဲဆန္ဒနယ်တွေကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ UEC ကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့မယ့်မဲဆန္ဒနယ် ၁၂၁ နယ်ရှိရာ ကရင်နီပြည်က ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ် တို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က မဲဆန္ဒနယ်နေရာ ကြေညာချက်အရ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ စတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပ ပြုလုပ်သွားနိုင်ချေရှိနေပါတယ်။

တိုက်ပွဲ‌ဖော်ဆောင်မှု ဆက်တိုက်ရှိနေတဲ့ ကရင်နီပြည်တွင်းမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အစီအစဥ်ကိုလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး ၂ ဦးဗညားက အခုလိုသုံးသပ်ထားပါတယ်။

“အထမြောက်နိုင်ချေရှိတယ်။ အောင်မြင်နိုင်ချေကတော့ ဒါကတော့ guideline အပေါ်တိုင်းတာ၊ သီးခြားလွတ်လပ်မှုအနှစ်သာရကို ကြည့်မယ်ဆိုရင်တော့ မအောင်မြင်ဘူးလို့ပြောလို့ရတယ်။ ဒါပေမဲ့ အထမြောက်တယ်ဆိုတာကတော့ အထမြောက်နိုင်ချေရှိပါတယ်” လို့ ဦးဗညားကပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတော့ဘူးလို့ ကြေညာထားတဲ့ မဲဆန္ဒနယ်တွေက ကချင်ပြည်နယ်၊ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့မှာရှိတဲ့ တော်လှန်ရေးအင်အားစုနဲ့ စစ်ကော်မရှင်တပ်တို့ကြား စစ်ရေးအခြေနေ တင်းမာတဲ့ နယ်မြေတွေဖြစ်နေတာကိုလည်း ကြေညာချက်မှာ တွေ့ရပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ ၊ အမျိုးသားလွှတ်တော် မဲအများဆုံးအနိုင်ယူသူစနစ် (FPTP) မဲဆန္ဒနယ် ကိုး နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် တစ်နည်းအားဖြင့် ပြည်နယ်လွှတ်တော် FPTP စနစ် မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲများကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာထားပါတယ်။

စစ်ကောင်စီ ပြုလုပ်သွားမယ့် ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘဲ လူထုတွေအနေနဲ့ ဆန့်ကျင်ကြဖို့ကိုလည်း ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ