spot_img
32.9 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းက တနန်းဥကွိုင် ဘုရားကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်

ဒီးမော့ဆိုအနောက်ခြမ်းက တနန်းဥကွိုင် ဘုရားကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာရှိတဲ့ တနန်းဥကွိုင် ကျေးရွာက ခရစ်ယာန်ဘုရားကျောင်းကို ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) ရဲ့ ဒု – စစ်ဦးစီးချုပ်၊ ဒု – ဗိုလ်မှူးချုပ် ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မနေ့က ၁၀ နာရီ ဝန်းကျင်လောက်မှာ ဒီးမော့ဆို ဒေါငံခါးဖက်က တနန်းဥကွိုင် ဘုရားကျောင်းကို ဗုံးလာကြဲသွားတယ်။ ကက်သလစ်ဘုရားကျောင်းကို။ တိုက်ပွဲ မရှိဘဲ အရပ်သားနေရာတွေကို တမင်သက်သက် ဗုံးကြဲ တယ်လို့ ဆိုလို့ ရပါတယ်။”လို့ ဒု – ဗိုလ်မှူးချုပ် ဘုန်းနိုင်က ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုရားကျောင်းသာ ထိမှန်ပျက်စီးခဲ့ပြီး လူထု ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ အဆိုပါ နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကစလို့ စစ်ကော်မရှင်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ပေါ်က နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး လူထုရှိတဲ့ ကျေးရွာတွေဖက်ကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

ယခု စက်တင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာနှစ်ခုကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က စစ်ရှောင်စခန်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ခုနှစ် ဩဂုတ်လအထိ ကရင်နီပြည် နဲ့ ကယန်းဒေသအတွင်းမှာ စစ်ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံ ၅၈ လုံး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ