ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ အသက် မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ၅ ဦးကို စစ်ကော်မရှင်က ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကော်မရှင်က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်မှာနေထိုင်သူ အသက် ၁၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ ပိုင်ပိုင်စိုး (ခ) မျိုးမင်းခန့် နဲ့ ဟန်ထွန်းအောင် (ခ) ရဲမင်းကိုကို ၊ အသက် ၁၇ နှစ်အရွယ် အောင်နိုင်လင်း ၊ အသက် ၁၆ နှစ်အရွယ် ဖြိုးပိုင်ဇေအောင် ၊ အသက် ၁၄ နှစ်အရွယ် ထွန်းနေဦးလှိုင် တို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
“ကလေးတွေ ဖမ်းခံရတယ်ဆိုတာတော့ ကြားမိပါတယ်။ ကလေးဘယ်နယောက် ပါသွားလဲတော့ သေချာမသိရပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖမ်းဆီးတာ ခုက ပထမဆုံးထင်တယ် အရင်ကတော့ ဖမ်းခံရဖူးတာ မကြားသေးဘူး။” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လွိုင်ကော်မြို့က ကလေး ၃ ဦးအပါအဝင် ၉ ဦးကို ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ ( က) နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတာပါ။ အဆိုပါပုဒ်မဟာ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိ ချမှတ်ခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စစ်ကော်မရှင်က ပြဌာန်းထားပါတယ်။
၂၀၂၅ခုနှစ် ပါတီစုံရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်စာမျက်နှာ၊ အများပြည်သူဆိုင်ရာနေရာမှာ ဟောပြောတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ ၊ စာရေးသားတာ၊ ရုပ်ပုံပိုစတာချိတ်ဆွဲတာ စတဲ့လုပ်ဆောင်ချက် တခုခုကို ပြုလုပ်ပါက ရွေးကောက်ပွဲကို နှောင့်ယှက်တာလို့ စစ်ကော်မရှင်က ပြောဆိုထားပါတယ်။
စစ်ကော်မရှင် ထုတ်ပြန်တဲ့ထဲ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ ( က) နဲ့ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကော်မရှင်က အမှုဖွင့် အရေးထားပါတယ်။