ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ယခုနှစ်အတွက် ပြောင်း(ပြောင်းဆံ) စျေးနှုန်းဟာ ယခင်နှစ်ထက်ပိုမို ကျဆင်းနေတာကြောင့် ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
လက်ရှိ ပြောင်းစျေးနှုန်း ပေါက်ဈေးကတော့ အခြောက် တစ်ပိဿာကို ၉၀၀ ကျပ်၊ အစို တစ်ပိသာာကို ၆၀၀ ကျပ် ရှိပြီး ယခင်နှစ် ပြောင်းစျေးကွက်က အခြောက်တစ်ပိဿာကို ၁၂၀၀ ကျပ်ထိ ရှိခဲ့တာပါ။
တောင်သူတွေဟာ ပြောင်းမျိုးစေ့၊ မြေဩဇာ၊ လုပ်အားခ ၊ ပြောင်းချွေစရိတ် နဲ့ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျ စရိတ်တွေပေးရပေမယ့် တကယ်တမ်း ပြောင်းကိုရောင်းချတဲ့ချိန်မှာ ပြန်ရလာတဲ့ ငွေပမဏာက ပိုနည်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။
“စျေးရှိမယ်ဆိုရင် ပထမ ပြောင်းပေါ်မှာ ကတည်းက စျေးရှိပြီးသားပဲ။ စောစောစိုက်တဲ့ တောင်သူတွေက စျေးပိုမြင့်တယ်။ အခုတော့ ကျနော် ရောင်းကြည့်လိုက်တာ အကုန်ပြန်တွက်ကြည့်တော့ တွက်ခြေ မကိုက်တော့ဘူး။”လို့ ပြောင်းစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြောင်းဝယ်ယူသူတွေကတော့ အခြောက်ခံပြီးသား ပြောင်းတွေကိုသာ အများဆုံး ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသလို ပြောင်းဝယ်ယူသူတွေက ဒီးမော့ဆိုမြို့နယ်အထိ လာရောက်ဝယ်ယူတာကြောင့် ဈေးကောင်းပိုရတယ်လို့ ဆိုပါတယ်။
တောင်သူတွေဟာ ၆၂၅ ပြောင်းမျိုးစေ့အတွက် တစ်အိတ်ကို ကျပ် ၂သိန်းကျော်၊ ၈၀၈ ပြောင်းမျိုးစေ့အတွက် ကျပ် ၁သိန်း၈သောင်းကျော်၊ ၁၂၀ ပြောင်းမျိုးစေ့အတွက် ကျပ် ၁သိန်း၄သောင်း အထိ ဝယ်ယူစိုက်ပျိုးရပြီး မြေဩဇာတစ်အိတ်ဟာ ကျပ် ၁သိန်း၆သောင်းကျပ်အထိ ပေါက်ဈေးရှိပါတယ်။
ပြောင်းခြွေတဲ့ လုပ်အားခ အပါအဝင် ပြောင်းခင်း တစ်ဧကခွဲအတွက် အနည်းဆုံး ကျပ် ၁၀ သိန်းအထိ ကုန်ကျစရိတ်ရှိတာကြောင့် ပြောင်းဈေးကောင်းဖို့ တောင်သူတွေက မျှော်လင့်နေကြတာပါ။
ဒီးမော့ဆိုမြို့နယ်အတွင်း ပြောင်းဖူးကို အဓိက စိုက်ပျိုးတဲ့ ကုန်းသာ ကျေးရွာအုပ်စုအတွင်းမှာ စစ်ကော်မရှင် စစ်ကြောင်းထိုးလာတာကြောင့် လုံခြုံရေးအရ သွားလာလို့ အဆင်မပြေတဲ့အတွက် မရိတ်သိမ်းရတဲ့ ပြောင်းခင်းတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ တောင်သူတချို့ကတော့ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ၊ ဒရုန်း ပစ်ခတ်မှုတွေကြားထဲ ပြောင်းချိုးတာကို လုပ်ဆောင်နေပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။
လတ်တလောအခြေအနေမှာလည်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းအခက်အခဲနဲ့ ပြောင်းဈေးမရှိတာကြောင့် ပြောင်းစိုက်တောင်သူတွေက အရှုံးပေါ်နေကြတာပါ။