spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဘောလခဲမြို့ပေါ်မှာ ဒေသခံတွေ စားသောက်ကုန်တွေ ဖလှယ်ပြီး စားသုံးနေရ

ဘောလခဲမြို့ပေါ်မှာ ဒေသခံတွေ စားသောက်ကုန်တွေ ဖလှယ်ပြီး စားသုံးနေရ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ပေါ်မှာ စားသောက်ကုန်တွေရှားပါးတာကြောင့် ဒေသခံလူထုတွေဟာ ဒေသထွက် စားသောက်ကုန်တွေကို အချင်းချင်း ဖလှယ်ပြီး စားသောက်နေကြရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ငွေကြေးနဲ့ဝယ်ဖို့ထက် ကုန်ပစ္စည်းချင်းဖလှယ်ရတာက ပိုအဆင်ပြေတယ်။ ဥပမာ နွားရှိတဲ့လူက နွားပေါ်ပြီး ဆန်နဲ့ပြန်လဲ၊ ကြက်ရှိတဲ့လူက ကြက်၊ တစ်ချို့လည်း ခြံထွက်သီးနှံနဲ့ လဲလှယ်စားသောက်ကြတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့ကိုဝင်တဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေက တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာလို့မရတာ ၂နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ မြို့တွင်းကျန်နေတဲ့ စစ်ကော်မရှင် အခြေစိုက် တပ်ရင်းတွေမှာတော့ စစ်ကော်မရှင်က ရဟတ်ယာဥ်တွေနဲ့ ပို့ဆောင်ပေးထားတဲ့ စားသောက်ကုန် ရရှိနေကြတာဖြစ်ပြီး အဲ့ကနေတစ်ဆင့် ဒေသခံတွေကို အကန့်အသတ်နဲ့ ပြန်ရောင်းချပေးတယ်လို့လည်း ပြောပါတယ်။

“ကုန်စည်စီးဆင်းမှုအနေနဲ့ မရှိပေမယ့် အခြေခံစားသောက်ကုန်တွေတော့ အကန့်အသတ်နဲ့ စကမ (စစ်ကော်မရှင်တပ်) ကထုတ်ရောင်းပေးတာမျိုးရှိတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ ဝင်ငွေရအလုပ်အကိုင်တွေ မရှိတာကြောင့် စစ်ကော်မရှင်ရဲ့ ရောင်းကုန်တွေကို ဝယ်ယူနိုင်တာ နည်းပါးတယ်လို့လည်း ပြောပါတယ်။ လက်ရှိအချိန်ထိ ဘောလခဲမြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ နီးစပ်သူတွေအပြင် သာမန်အရပ်သားလူထုတွေ အနည်းငယ်နေထိုင်ကြပေမယ့် အရေအတွက် အတိအကျကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဘောလခဲမြို့က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ စစ်ကော်မရှင်ကျင်းပမယ့် မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ