ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့က နမ့်ကွတ် ရပ်ကွက်မှာ အောက်တိုဘာလ ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“သူတို့က ညဖြစ်တာပေါ့။ ညဖြစ်တော့ အကြောင်းကြားလာတဲ့အချိန်မှာ ကျနော်တို့ သွားရောက်ကယ်ဆယ်ပေးတာပေါ့။ ရောက်တဲ့အချိန်မှာ ဆုံးနေပြီ။”လို့ လူမှုကူညီရေးအသင်း ရဲ့ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။
အဆိုပါ ရေနစ်သေဆုံးသူ အမျိုးသားက နမ့်ကွတ်ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး အသက် ၅၆ နှစ်ရှိပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာလည်း နမ့်ကွတ်ရပ်ကွက်ထဲက အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
လက်ရှိမှာတော့ နမ့်ကွတ် ရပ်ကွက်အပါအဝင် လွိုင်ကော်မြို့ပေါ် က ရပ်ကွက်တချို့မှာ ရေမြှင့်တက်နေပြီး နေအိမ်နစ်မြှုပ်တာရှိတဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။
“အဲ့မှာ ရေတက်တော့ ကလေးတွေ ရေကစားတာ အသွားအလာ ဖြစ်ဖြစ်ပေါ့နော်။ အဲ့လိုမျိုးလေးတွေ သတိထားသင့်တာပေါ့။” လို့ သူက ဆိုပါတယ်။
လွိုင်ကော်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းအနီးအနားက နမ့်ကွတ်၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ မင်းစု၊ ရွှေတောင် စတဲ့ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။