ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ဖွဲ့စည်းပြီး ၂ နှစ်အတွင်း ဂျဲန်ဒါ အခြေပြုအကြမ်းဖက်ခံရမှု (၁၀၂) မှု ကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ အဲ့ဒီအထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုက အများဆုံးဖြစ်ကြောင်း၂ နှစ် ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အကြမ်းဖက်ခံရသူတွေကို ဝန်ဆောင်မှုပေးတဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၅ မှု ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၃၁ မှု ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၂၁ မှု ၊ လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှု ၁၇ မှု ၊ အန္တရာယ်ရှိသော ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်မှု ၈ မှု စုစုပေါင်း (၁၀၂) မှု ဖြစ်ပါတယ်။
ဒါ့အပြင် အသက် (၁၈) နှစ်အောက်ကလေးငယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမှု ၆ မှု ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၂ လည်း ပါဝင်ပါတယ်။
“ ကျူးလွန်သူတွေက တရားဥပဒေစိုးမိုးမှု မရှိတာကိုသိပြီး အခွင့်ကောင်းယူပြီးတော့ အသက်ပြည့်တဲ့သူကော ၊ မပြည့်သူကော အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာမလိမ်လည် ရယူတာတွေက အရမ်းများတယ် ဒီနောက်ပိုင်းမှာက။ တချို့ကျတော့ အလိုမတူဘဲနဲ့ လိင်ပိုင်းဆိုင်ရာ ရယူတာမျိုးတွေ ရှိတယ်။” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ ဒုဌာနမှူး မော်သဲမာ က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ဒီအချက်အလက်ဟာ IEC ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့အမှုသာဖြစ်ပြီး မြေပြင်မှာတော့ ယခုစာရင်းထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ စားဝတ်နေရေး အကြပ်အတည်းကလည်း မိသားစုတွင်း ပဋိပက္ခဖြစ်စေတဲ့ အကြောင်းရင်းတခု ဖြစ်လာပြီး ဇနီးမယား၊ သားသမီးကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက နေ့စဉ်ရှိလာတယ်လို့ မော်သဲမာက ပြောပါတယ်။
ဌာနကို ရောက်ရှိလာတဲ့အမှုကို လုပ်ငန်းစဉ်အရ ဆောင်ရွက်ပေမယ့် ကျူးလွန်ခံရသူတွေဟာ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ စစ်ရှောင်ကော်မတီ အဆင့်မှာသာ ကျူးလွန်သူနဲ့ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းတာကို ရွေးချယ်မှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တရားရုံးအဆင့်နဲ့ သွားတဲ့အမှုတွေကတော့ အလိုမတူဘဲ ပြုကျင့်တဲ့ မုဒိမ်းမှု ၊ လင်မယားဖောက်ပြန်တဲ့အမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ အစီရင်ခံစာအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေဟာ ဆယ်ကျော်သက်မိန်းကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။
ကြားကာလမှာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရတဲ့အမှုတွေ လျော့နည်းစေဖို့ တရားဥပဒေစိုးမိုးရေး အားကောင်းဖို့ လိုအပ်သလို၊ အသိပညာပေး အစီအစဉ်တွေ မကြာခဏ ဆောင်ရွက်ဖို့က အရေးကြီးတယ်လို့ မော်သဲမာက ဖြည်စွက်ပြောဆိုထားပါတယ်။
“ လူထုတွေကိုပြောချင်တာက ဂျဲန်ဒါအရေးပေါ့။ အမျိုးသမီးနဲ့ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ဘယ်အကြမ်းဖက်မှုမဆို ဥပဒေ က ရှိတယ်၊ အကာအကွယ်ပေးနေတဲ့သူတွေလည်း ရှိတယ်။ တိုင်ကြားလို့လည်း ရတယ်ဆိုတာ သိထားစေချင်တယ်။” လို့ ဒု-ဌာနမှူး မော်သဲမာက ဆက်ပြောပါတယ်။
ကာယကံရှင်အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရတဲ့အမှုတွေကို ရင်ဆိုင်ဆောင်ရွက်တဲ့အခါ စစ်ရှောင်ကာလမှာ အခက်အခဲများစွာရှိနေတာကလည်း စိန်ခေါ်မှုတခု ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာ ဌာနကနေ အမှုတွေကို ဆောင်ရွက်နေတာ ၈၇ ရာခိုင်နှုန်း ပြီးစီးထားပြီး ဆောင်ရွက်နေဆဲအမှု ၁၂ ရာခိုင်နှုန်း ၊ တိုင်ကြားသူဖက်က ရုတ်သိမ်းသွားတဲ့ အမှု ၁ မှု ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။





