ကန္တာရဝတီတိုင်း ( မ် )
တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့တွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာက ဒေသခံတွေကို နေရပ်ပြန်ဖို့ စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငွေတောင်မှာ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ အပတ်က ရိက္ခာတွေ လှူတာ ကြားတယ်။ ပြန်နေလို့ ရပြီလို့လည်း ပြောတယ်။ “လို့ လွိုင်ကော်မြို့မှာ စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်က ဒေါငံခါး ၊ ခေါက်ပလော့ ကျေးရွာအနီးအနားမှာ စစ်ရေးလှုပ်ရှားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ ယခုလအတွင်း တိုက်ပွဲဖြစ်ပွားနေပေမယ့် ငွေတောင်ကျေးရွာအုပ်စုက ဒေသခံတွေကို နေရပ်ပြန်လာဖို့ စစ်ကော်မရှင်က ပြောဆိုနေတာပါ။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ငွေတောင်ကျေးရွာက အထက်တန်းကျောင်းဝန်း ၊ လမ်းမကြီးဘေးတစ်လျှောက်က ခြုံနွယ်တွေကို စက်ယန္တရားတွေနဲ့ ရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
စစ်ရေးအရ လုံခြုံမှုမရှိသလို လုပ်ကိုင်စားသောက်လို့ မရတာကြောင့် နေရပ်မပြန်လိုကြောင်းကို စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“မပြန်ချင်တော့ဘူးလေ ဘာမှမရှိတော့တာ။ ဘယ်လို လုပ်စားရတော့မလဲ။ နောက်ပြီး ကျနော်တို့တော့ ဒီဖက်မှာ ဘားမှတော့ မသိရသေးဘူး”လို့ ငွေတောင်စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ငွေတောင်ကျေးရွာအုပ်စုမှာတော့ ခလရ (၁၀၂) တပ်က တပ်မိသားစုအသိုင်းအဝိုင်း ၊ ဌာနဆိုင်ရာဝန်ထမ်း နဲ့ ဒေသခံတချို့ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ငွေတောင်ကျေးရွာက ကျောင်းတိုက်မှာ နေရပ်ပြန်တဲ့ ပြည်သူတွေကို ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးကနေ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေထဲက လွိုင်ကော် ၊ ဖရူဆို ၊ ဘောလခဲ နဲ့ ဒီးမော့ဆိုမြို့နယ်လည်း ပါဝင်ပြီး ရွေးကောက်ပွဲအပိုင်း ၁ ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။





