spot_img
21.1 C
Loikaw
Tuesday 28, October 2025
spot_img
Homeသတင်းစစ်ကော်မရှင် ဒရုန်းဗုံးကြောင့် စပါးသိမ်းယူနေတဲ့ အရပ်သားတဦး ဒဏ်ရာပြင်းထန်၊ ထော်လဂျီတစီး ပျက်စီး

စစ်ကော်မရှင် ဒရုန်းဗုံးကြောင့် စပါးသိမ်းယူနေတဲ့ အရပ်သားတဦး ဒဏ်ရာပြင်းထန်၊ ထော်လဂျီတစီး ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စစ်ကော်မရှင်ရဲ့ ဒရုန်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တဦး ဦးခေါင်း၊ လည်ပင်း နဲ့ ခြေနှစ်ဖက်လုံး ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“လူ ၆ ယောက်လောက် ရှိတယ်။ အကုန်ထွက်ပြေးကြတယ်။ အဲ့ချိန်မှာ ကြဲချတာ သူ့ကို ထိသွားတာ။” လို့ စစ်ဘေးရှောင်တဦးက ပြောပြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားသူဟာ အသက် ၄၀ ကျော် အရွယ် အမျိုးသားဖြစ်ပြီး ကလေးငယ် ၂ ဦးရဲ့ ဖခင် ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ မိသားစုနဲ့အတူ စပါးသိမ်းယူနေကြချိန်မှာ ဒရုန်းတစီး ဝဲနေတာကို တွေ့ရှိကြပြီး ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ဗုံးကြဲချချိန်မှာ သူ့ကို ထိမှန်သွားတာပါ။ အခုလက်ရှိမှာတော့ အဆိုပါ အမျိုးသားဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ စပါးနဲ့သယ်ယူနေရတဲ့ ထော်လဂျီ တစီးလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ယခုလပိုင်းဟာ စပါးရိတ်သိမ်းတာ၊ မြေပဲသိမ်းယူတဲ့ အချိန်ကာလ ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းဖို့ လယ်ယာ၊ တောင်ယာခင်းထဲကို အရဲစွန့်ပြီး သွားနေရတယ်လို့ ဆိုပါတယ်။

“ဒီခေတ် ဒီကာလမှာ သူတို့(စစ်ကော်မရှင်) ယုတ်မာတယ်ဆိုတာ လူတိုင်းသိရမယ်၊ ဒီနယ်မြေကာလ ဖက်မှာက ပိုဆိုးတာပေါ့၊ တောင်ယာ၊ လယ်ယာ ရှိတော့ ပိုသတိထားရတာပေါ့၊ ကျနော်တို့ ရှင်သန်ဖို့ စားဖို့ သောက်ဖို့တော့ စိုက်ရေးပျိုးရေးတော့ မဖြစ်မနေ လုပ်ကို လုပ်ရမှာပဲ” လို့ စစ်ဘေးရှောင် တောင်သူတဦးက ပြောပါတယ်။

အဆိုပါ အမျိုးသား ဒရုန်းဗုံးကြဲခံရတဲ့နေရာဟာ တောင်ယာခင်းသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာ မရှိတဲ့နေရာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသမျှ အချက်အလက်အရ ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလ ၂၆ ရက်နေ့အထိ အထိ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်ရဲ့ ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိလာပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ