spot_img
20.5 C
Loikaw
Friday 14, November 2025
spot_img
Homeသတင်းမြေပဲပေါက်စျေး တစ်ပုံး ၈ထောင် ဝန်းကျင်သာရတာကြောင့် တောင်သူတွေ အခက်တွေ့

မြေပဲပေါက်စျေး တစ်ပုံး ၈ထောင် ဝန်းကျင်သာရတာကြောင့် တောင်သူတွေ အခက်တွေ့

-

ကန္တာရဝတီတိုင်း(မ်)

ယခုနှစ် မြေပဲ ပေါက်စျေးဟာ အများဆုံး တစ်ပုံး(အခွံပါ) ကို ၈ ထောင် ဝန်းကျင်သာရတာကြောင့် တွက်ခြေမကိုက်ဘူးလို့ မြေပဲကို စီးပွားဖြစ် စိုက်ပျိုးကြတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းက ကျေးရွာဒေသခံတွေက ပြောပါတယ်။

တောင်သူတွေအနေနဲ့ အခြေအနေအရ သိုလှောင်ထားဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီနှစ်က မြေပဲ စျေးကမရှိတာမဟုတ်ဘူးရှိတယ်။ ဒါပေမဲ့ တအားနည်းတယ်။ အစက တစ်ပုံး(အခွံပါ) ၅ထောင်တဲ့ ဆိုတော့ ဘယ်လိုမှမကိုက်ဘူးလေ။ အခုတော့ ၈ထောင်ထိ ရှိပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ ၈ထောင်လည်း မကိုက်ဘူးလေ ရောင်းသူဖက်ကြည့်ရင်။ မရောင်းချင်ကြသေးဘူး။ ဒါပေမဲ့ တဖက်လည်း ပြန်ပြေးနေရမလားတွေးပြန်တော့လည်း ဒီတိုင်းထားထားရမလား ဘယ်လိုလုပ်ရမှန်းမသိဘူး။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မြေပဲမျိုးစေ့တစ်အိတ်(အခွံပါ ၄ပုံးအိတ်) ကို ၈သောင်းကျပ်ပေး၀ယ်ရပြီး စိုက်ပျိုးလုပ်ကိုင်ချိန်မှာ ကုန်ကျတဲ့ လုပ်အားခကုန်ကျစရိတ်တွေနဲ့ ပေါင်းရင် ပြန်လည်ရိတ်သိမ်းပြီး ရောင်းချချိန်မှာ ရလာတဲ့ ပမဏာ နဲ့ နှိုင်းယှဉ်ရင် မမျှတာကြောင့် မြေပဲဈေးကို ဒီထက် ပိုရဖို့ တောင်သူတွေက မျှော်လင့်နေကြပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်း၊ ကျေးရွာတချို့က လူထုတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရင်း နေရပ်ကိုပြန်ကာ ကိုယ်ထူကိုယ်ထ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နေကြတာပါ။

စစ်ရေးအခြေအနေအရ ရွာထဲ မနေထိုင်ရဲကြပဲ စိုက်ပျိုးချိန် နဲ့ ရိတ်သိမ်းကာလ ရောက်မှသာ နေရပ်ပြန်ကြပါတယ်။ လက်ရှိ ရိတ်သိမ်းနေတဲ့ စီးပွားဖြစ်သီးနှံက ပေါက်ဈေးနည်းတာကြောင့် စား၀တ်နေရေးအတွက် အခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။

“မြေပဲက စျေးကရှိပေမဲ့ သယ်ယူစရိတ်တွေအရမ်းများနေတာ။ တဆင့်ထဲမဟုတ်တာရယ်။ လမ်းအခြေအနေတွေကြောင့် ပြန်သယ်ချိန် ကုန်ကျများတော့ စျေးက တောင်သူတွေအတွက် အဆင်မပြေတော့တာ ။”လို့ မြေပဲပွဲစားတစ်ဦးက ဆိုပါတယ်။

လက်ရှိ မြေပြင်လမ်းကြောင်းအခြေအနေအရ ပြည်သူတွေ ကိုယ်တိုင်ကိုယ်ကျ သယ်ယူရောင်းချလို့အဆင်မပြေတဲ့အတွက် ပွဲစားတွေက အိမ်တိုင်ရာရောက် လာရောက် ဝယ်ယူပေးနေတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းက ပြည်သူတွေဟာ နှမ်းနဲ့ မြေပဲကို အဓိကထား စီးပွားဖြစ် လုပ်ကိုင်စားသောက်ကြတာပါ။

လက်ရှိမှာတော့ နှမ်းစျေး တစ်ပိဿာ ၁ သောင်းနဲ့ အထက် စျေးကောင်းရပြီး မြေပဲ ပေါက်စျေးက အများဆုံး ၈ ထောင်ထိသာ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ