spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeသတင်းကရင်နီမှာ အကျဥ်းသား ၆ ဦး ထွက်ပြေးလွတ်မြောက်နေတာကြောင့် လူထုတွေ စိုးရိမ်နေကြ

ကရင်နီမှာ အကျဥ်းသား ၆ ဦး ထွက်ပြေးလွတ်မြောက်နေတာကြောင့် လူထုတွေ စိုးရိမ်နေကြ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က အကျဉ်းထောင်တစ်နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က အကျဥ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် လူထုတွေ စိုးရိမ်နေကြပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ အကျဉ်းသားတွေ ထွက်ပြေးသွားတာကြောင့် တွေ့ရှိပါက နီးစပ်ရာအဖွဲ့အစည်းတွေထံ တိုင်ကြားရန်အတွက် ဒေသတွင်းမှာ ဆိုင်းဘုတ်တွေ ကပ်ထားတာပါ။

ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ ဆင်ထိန်းသမား အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လက်နက်တစ်လက် ယူဆောင်သွားတာကို ကြားသိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“သူတို့ ထွက်ပြေးပြီး နောက်တစ်ည သူတို့ပြောတာ ပန်တိန်းရဲ့ အနောက်ဖက်မှာ ဆင်သမား ၂ယောက် ရှိတယ်။ ဆင်သမား တစ်ယောက် ရေသွားချိုးတယ်။ ပြီးတော့ ဆင်သမား တစ်ယောက်ပဲ ကျန်တယ်။ ဆင်ထိန်းနဲ့ တဲထဲမှာ ရေချိုးတဲ့ တစ်ယောက် က သူ့သူငယ်ချင်းအော်လို့ ဆိုပြီး သူပြန်ပြေးလာတဲ့အချိန်မှာ အဲ့ဒီ အဖွဲ့က အဲ့ဆင်သမားကို သတ်ဖြတ်နေတယ်။ သူတွေ့တယ် သူတိတ်တိတ်လေး ပုန်းနေတယ်။ ပြီးတော့ အဲ့ဒီ ဆင်သမား မှာရှိတဲ့ ၉ လုံးကျည် တစ်လက်ယူသွားတယ်။ အဲ့ ၉လုံးကျည်မှာ ကျည် ၂ လုံး ပါသွားတယ်။ ပြီးတော့ ဆင်သမားရိက္ခာတွေ အကုန်လုံးယူသွားတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ဆိုပါတယ်။

အဆိုပါ ဒေသခံအမျိုးသားတစ်ဦး ရဲ့ ပြောဆိုမှု နဲ့ပတ်သက်ပြီး ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၆ ဦးကတော့ ပြည့်စုံ ၊ အောင်ဝင်းထွန်း ၊ ဇွဲထက်ကို ၊ မျိုးဝင်း ၊ စန်းလင်းအောင် ၊ တည်ဝါ တို့ ဖြစ်ပါတယ်။

“လူတိုင်းကတော့ စိုးရိမ်နေတာပေါ့ကွာ။ တစ်ယောက်တည်းသွားလို့ အဆင်မပြေတော့ဘူး။ နှစ်‌ယောက် ၃ ယောက်သွားမယ်ဆိုရင် လမ်းမှာ သူတို့ လက်နက်ရှိတယ်ကော။ အဲ့လို သွားလာဆို အဆင်မပြေတော့ဘူးကွာ။ အန္တရာယ်ပေးနိုင်တယ်ကွာ အဲ့လိုမျိုးတွေပေါ့။ “ လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေရဲ့ အတည်မပြုနိုင်တဲ့ သတင်းအမျိုးမျိုးကို တဆင့်စကား တဆင့် ကြားသိနေရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံ အမျိုးသားတစ်ဦးက အခုလို ပြောဆိုထားပါတယ်။

“ကိုယ့်အတွက်တော့မပူပါဘူး။ အမျိုးသမီးတွေ ကလေးငယ်တွေအတွက်တော့ ဘေးမကင်းဘူးပေါ့။ သူတို့အတွက်စိုးရိမ်ရတာပေါ့။ ပြီးတော့လမ်းသွားလမ်းလာ သူတွေအတွက်လည်း စိုးရိမ်ရတာပေါ့ သူတို့က အချိန်မရွေး အကြမ်းဖက်မှုပြုနိုင်တယ်လေ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အကျဉ်းသားတွေထွက်ပြေးတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြေပြင် တော်လှန်ရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ ၊ အဖွဲ့အစည်းတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆိုပါအကြောင်းအရာကို သေချာမသိရှိရကြောင်းသာ ပြန်လည်ဖြေကြားထားပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို ကန္တာရဝတီတိုင်း(မ်) က စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ